ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ အကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဆွေး နွေးပွဲ အခြေအနေများနှင့် စပ်လျှင်း၍ KIO က တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မဟာမိတ် အဖွဲ့ထံ အကြောင်းကြား တိုင်ပင်မှုများ ရှိသည်ဟု UNFC က ပြောသည်။
KIO ခေါင်းဆောင်များနှင့် UNFC အဖွဲ့ တာဝန်ရှိသူများ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေအရပ်ရပ် ကို တိုက်ရိုတ် ဆက်သွယ် တိုင်ပင်မှုများ ရှိကြောင်း UNFC အဖွဲ့ဝင်တဦးဖြစ်သည့် ခွန်ဥက္ကာက မဇ္စျိမသို့ယခုလို ပြောပြ သည်။
“ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ဆိုတော့ တာဝန်ရှိမှုအရ အားလုံး အကြောင်းကြားတာတို့တိုင်ပင်တာတို့ရှိပါ တယ်။ အပြီးသတ် သဘောတူပါ့မယ် ဆိုရင်လည်းပဲ သူတို့ချည်းပဲသက်သက် မဟုတ်ပဲနဲ့ စုပေါင်းပြီးတော့ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေ ပါဝင်ဖို့ဆိုတဲ့ အဆိုပြုထားတာလဲ ရှိပါတယ်။” ဟု UNFC မဟာမိတ်အဖွဲ့ဝင် လည်း ဖြစ်သည့် ပအိုဝ့်လွတ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ ထို့အပြင် ကချင်အဖွဲ့က “သူတို့ တဖွဲ့တည်း ငြိမ်းချမ်းရေး မယူသွားရန်” ကတိပေးထားသည် ဟုလည်း ၎င်းကဆက ်ပြောသည်။
ဇွန်လဆန်းမှ စတင်ခဲ့သည့် မြန်မာအစိုးရ နှင့် KIO အကြား တိုက်ခိုက်မှုများကို ပဏာမအဆင့် အနေဖြင့် အပစ် ရပ်စဲရန် “မူအားဖြင့်” သဘောတူညီသည့် အကြောင်း KIO ဖက်မှပြောဆိုချက် ပေါ်ထွက်ခဲ့ပြီးနောက် UNFC က ယခုလို ပြောဆိုလာခြင်း ဖြစ်သည်။
KIO ပြောရေးဆိုခွင့် ရှိသူ ဦးလနန် က လည်း “ကျနော်တို့ လုပ်နေတာက တနိုင်ငံလုံး အတိုင်းအတာနဲ့အပစ် အခတ် ရပ်စဲရေးကို ရအောင် ဖော်ဆောင်နေတာပါ။ ကိုယ်လွတ်ရုံးတဲ့ ဟာမျိုး ကျနော်တို့ မလုပ်ပါဘူး” ဟု မဇ္စျိမကို ပြောသည်။
KIO နှင့် UNFC တို့အကြား ဆက်သွယ် တိုင်ပင်မှု အသေးစိပ်ကို မိမိအနေဖြင့် ထုတ်ဖေါ်ပြောဆိုခွင့် မရှိ သော်လည်း အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး အတွက် KIO က တင်ပြသည့် ငြိမ်းချမ်းရေး စာချုပ်မူကြမ်းပါ အချက်အလက်များသည် UNFC ဖွဲ့စည်းပုံပါ အချက်အလက်များ နှင့် ညီညွတ်ကြောင်း ခွန်ဥက္ကာ ကပြော သည်။
KIO က မြန်မာအစိုးရ ကိုယ်စားလှယ်များထံ တင်ပြသည့်အချက်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့်ငြိမ်းချမ်း ရေးဖော်ဆောင်ရန် ပါဝင်သည်။
ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ - UNFC တွင် ကရင်အမျိုးသား အစည်းအရုံး၊
မွန်ပြည်သစ် ပါတီ ၊ ချင်းအမျိုးသား တပ်ဦး ၊ ကချင်လွတ်မြောက်ရေး အဖွဲ့ ၊ ကရင်နီအမျိုးသား တိုးတက်ရေး
ပါတီ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ တို့ ပါဝင်ပြီး ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဖွဲ့စည်းခဲ့သည်။
ဆက်စပ် အဖွဲ့ဝင်များအဖြစ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ပလောင်ပြည်နယ် လွတ် မြောက် ရေး တပ်ဦး PSLF၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ 'ဝ’ အမျိုးသားအဖွဲ့ချုပ် WNO နှင့် ကချင် အမျိုးသား အစည်းအရုံး KNO တို့ပါဝင်သည်။
ထိုအဖွဲ့များသည် အမျိုးသား တန်းတူရေး၊ ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး၊ အပစ်ခတ် ရပ်စဲရေးများ လုပ်ဆောင်ရာတွင် အတူတကွ လုပ်ဆောင်ကြရန် ကတိကဝတ်များ ရှိခဲ့ကြသည်ဟု UNFC အဖွဲ့ဝင် ကရင် အမျိုးသား အစည်းအရုံး -KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ကပြောသည်။
“UNFC အနေနဲ့ အားလုံးသဘောတူထားတာက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားကိုယ်စား လှယ် အဖွဲ့တွေအနေနဲ့ တဖွဲ့ချင်းစီမဟုတ်ဘဲ အဖွဲ့တွေအားလုံးတွေ့ပြီးမှ ဆွေးနွေးဖို့ ကျမတို့အားလုံးလက်ခံ တယ်” ဟု နော်စီဖိုးရာစိန် က မဇ္စျိမကိုပြောသည်။
မြန်မာအစိုးရက အပစ်ရပ်စဲထာခြင်း မရှိသည့် အခြားသော UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် မွန်ပြည်သစ် လက်နက်ကိုင်အဖွဲ့ နှင့် ရှမ်းပြည်တပ်မတော် တို့ကိုလည်း တဖွဲ့ချင်းစီဆွေးနွေး ရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။