နယူးဒေလီ (မဇ္စျိမ) ။ ။ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ကွက်အတွင်း တနင်္လာနေ့တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်အား ဆယ်ယူရေး လုပ်ငန်းများ စတင်နေသော်လည်းစုံစမ်းစစ်ဆေးမှု မစတင်ရသေးကြောင်း PC Myanmar (Hong Kong) Ltd. မှ ပြောရေးဆိုခွင့်ရှိသူတဦးကပြောသည်။
“စုံစမ်းစစ်ဆေးမှုက မစသေးပါဘူး။ မနေ့ကမှ ဖြစ်တာဆိုတော့။ လောလောဆယ်တော့ မစုံစမ်းရသေးပါဘူးရှင့်”ဟု သူက မဇ္စျိမကို ပြောသည်။ ရဲတံခွန် ကမ်းလွန်စခန်းရှိ FSO - Floating Storage Offshore သင်္ဘောပေါ်မှ ပျံတက်ပြီးနောက် မုတ္တမ ပင်လယ်ကွေ့ထဲ ပျက်ကျခဲ့သည်ဟု ဆိုသည်။
အမေရိကန်ထုတ် Sikorsky S-76 အမျိုးအစား ရဟတ်ယာဉ်မှာလူ ၁၁ ဦး လိုက်ပါသွားခဲ့ရာ ၃ ဦး သေဆုံးပြီး၊ ကျန် ၈ ဦးမှာ ရန်ကုန်တွင် ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။
“ကျမတို့ရဲ့ တိုက်ရိုက် ဝန်ထမ်းတော့ မဟုတ်ပါဘူး။ ... တွဲဖက်လာလုပ်နေတဲ့ ဝန်ထမ်းတွေပါ။ ပျက်ကျပြီး
မကြာမီမှာပဲ အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၃ ယောက်ကတော့ ကယ်ဆယ်ပြီး သိပ်မကြာခင်မှာ ဆုံးပါးသွားပါတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
သေဆုံးသူများ၏ အမည်နှင့် တာဝန်များအား ကုမ္ပဏီအနေနှင့် တရားဝင် မထုတ်ပြန်သေးသော်လည်း Uniteam ကုမ္ပဏီမှ ဦးဝင်းကြည် (Assistant Operator)၊ Smart Technical Service မှ ဦးသန်းထွန်း (စားဖိုမှူး) နှင့်ဦးအုန်းသိန်း (လက်ထောက် ရဟတ်ယာဉ်မှူး) တို့ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြပါရှိပြီး
ဖြစ်သည်။
ရဟတ်ယာဉ်မှာ Heli Union ပြင်သစ် ကုမ္ပဏီပိုင်ဖြစ်ပြီး၊ ခရီးစဉ် မှတ်တမ်းသေတ္တာ Black box ရှာမတွေ့သေးဘဲ၊ ပျက်ကျရခြင်းမှာ စက်ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြပါရှိသည်။
သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် နစ်နာကြေးနှင့် ပတ်သက်၍ “လျော်ကြေးကိစ္စကို ကုမ္ပဏီ လုပ်ထုံးလုပ်နည်းနဲ့ ဆက်လက် ဆောင်ရွက်နေပါတယ်။ အပြင်ကို ပြောကြားဖို့အဆင်မပြေပါ ဘူး။ ပေးမယ်၊ မပေးဘူးဆိုတာလည်း ကျမအနေနဲ့ ပြောပိုင်ခွင့် မရှိပါဘူးရှင့်၊ ပြောဖို့ စောပါသေးတယ်” ဟု ကုမ္ပဏီ ပြောခွင့်ရက ဆိုသည်။
ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ တနင်္သာရီကမ်းလွန် ပင်လယ်ပြင်တွင်ရှိပြီး မြန်မာစွမ်းအင် ဝန်ကြီးဌာနနှင့် တွဲဖက်၍ မလေးရှားနိုင်ငံမှ PC Myanmar (Hong Kong) Ltd. ၊ ထိုင်းနိုင်ငံမှ PTTEP နှင့် ဂျပန်နိုင်ငံမှ နီပွန်ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
PC Myanmar မှာ စီမံကိန်းတွင် အဓိက ရင်းနှီးမြှုပ်နှံထားပြီး ရဲတံခွန် တောင်ဘက်စွန်းပိုင်းမှ လုပ်ကွက် MD 4, MD 5 နှင့် MD 6 တို့ကိုလည်း ရရှိထားသည့် ကုမ္ပဏီ ဖြစ်သည်။
Heli Union မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အခြေစိုက်ပြီး နဝတ စစ်အစိုးရ လက်ထက် တံခါးဖွင့် စီးပွားရေး စတင်ခဲ့စဉ် ၁၉၉ဝ နှစ်ဦးကာလများ ကတည်းက ပါဝင်လာခဲ့သည်။ ဥရောပသမဂ္ဂ EU အနေဖြင့် မြန်မာအစိုးရအား ကန့်သတ် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်နေသော်လည်း အခြား ပြင်သစ် ရေနံ ကုမ္ပဏီကြီးတခုဖြစ်သည့် တိုတယ် Total ကဲ့သို့ မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်သည်။
ရဟတ်ယာဉ် ပျက်ကျသည့် သတင်းကို အင်္ဂါနေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာများတွင် ဖော်ပြခြင်း မရှိသေးပေ။