ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင်သတင်း မီဒီယာ လွတ်လပ်ခွင့်ရရှိရေးအတွက် Hot News ဂျာနယ် ရင်ဆိုင်ရန်ရှိသည့် အမှုများကိုရှေ့နေ လိုက်ပေးမည်ဖြစ်ကြောင်း ရှေ့နေနှင့်လွတ်တော် အမတ်တဦးဖြစ်သူ ဦးသိန်းညွန့်က ပြောသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို သွားနေသော်လည်း အခွင့်ထူးခံ ပုဂ္ဂိုလ်အချို့မှ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တားဆီးမှုများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ သတင်းမီဒီယာများဘက်မှ ရပ်တည်ပေးခြင်းဟုလည်း သူက ဆိုသည်။
“အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို ပြောင်းပေမယ့် ဒို့ကို မရေးနဲ့ ဒို့ကို မထိနဲ့ ဒို့ကိုထိရင် မီးပွင့်သွားမယ်ဆိုတဲ့ ကိုယ့်ရဲ့ ဩဇာအာဏာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တားဆီးနေတဲ့လူတွေက အခုအချိန်ထိ ရှိနေတယ် တကယ့်အရင်းခံကတော့ နိုင်ငံမှာ ချမ်းသာနေတဲ့ သူဋ္ဌေးကြီးတချို့နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တည်ထောင်သူတွေရဲ့တိုက်ပွဲပဲလေ အဲဒီတိုက်ပွဲမှာ ကျနော်တို့ကသတင်းမီယာလွတ်လပ် ခွင့်ကို လိုချင်တော့ သတင်းမီဒီယာသမားဘက်က ရပ်တည်ပေးတာပါ" ဟုဦးသိန်းညွန့်က ပြောသည်။
Hot News ဂျာနယ်တွင် ရွှေဂုံတိုင် SSC ပုဂ္ဂလိက ဆေးရုံ၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဇွန်လ ပထမပတ် အတွင်းဆောင်းပါးတပုဒ်ဖေါ်ပြပါရှိခဲ့သည်။ ထိုဆောင်းပါးသည် ဆေးရုံ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် ရေးသားမှုများဖြစ်သည်ဟု ဆိုကာ SSC ဘက်မှ Hot News ဂျာနယ်ကို ဗဟန်းတရားရုံးတွင် ဇွန်လ ၆ရက်နေ့ က တရားစွဲထားသည်ဟု ဇူလိုင်လ ၈ ရက်နေ့တွင် ပြုလုပ်သည့် Hot News ဂျာနယ် ၏ သတင်းစာရှင်းလင်းပွဲ တွင် အယ်ဒီတာချုပ် ဒေါ်ဟေမာကပြောခဲ့သည်။
ဒေါ်ဟေမာ ခေါ် မမ သည် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးဖြစ်ပြီး Hot News ဂျာနယ်၊ပေဖူးလွှာ မဂ္ဂဇင်းတို့တွင် အမှုဆောင် အယ်ဒီတာချုပ်လည်းဖြစ်သည်။
ထို့အပြင် Hot News ဂျာနယ်သည် ဆောင်းပါးရှင် မောင်လင်းသူ(စိန်ဂျွန်း) ၏ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့နှင့် ပတ်သက်သည့် “တိုးတက်အောင် လုပ်ဖို့လား အမြတ်ထုတ်ဖို့လား” ဆောင်းပါးကို ဖေါ်ပြခဲ့ရာမြန်မာနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ နစ်နာကြေး သိန်းနှစ်သောင်း ရလိုကြောင်း တိုင်းတရားရုံးတွင် ဇွန်လ ၁၄ ရက်နေ့က တရားစွဲဆိုထားသည်ဟု Hot News ဂျာနယ် ရုံးအုပ်ချုပ်ရေးမှူး ဦးအာရုဏ က မဇ္ဈိမကိုပြောသည်။
အမှု နှစ်ခုလုံးနှင့် ပတ်သက်၍ Hot News ဂျာနယ်ဘက်မှ ဇူလိုင်လ ၈ ရက်နေ့ ရန်ကုန်မြို့ Park Royal တွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်၍ ရှင်းလင်းခဲ့ပြီး အမှုများကို ရင်ဆိုင်သွားမည်ဟုလည်း ဒေါ်ဟေမာ က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
သို့သော် အမှုများအတွက် သက်ဆိုင်ရာတရားရုံးများမှ သမ္မာန်စာများ Hot News ဂျာနယ် တာဝန်ရှိသူများထံပေးပို့မှု မရှိသေးကြောင်း ဦးအာရုဏ ကဆိုသည်။ Hot News ဂျာနယ်မှ ရင်ဆိုင်ရန်ရှိသည့်ထိုအမှုနှစ်ခု လုံးအတွက် ဦးသိန်းညွန့်မှ ရှေ့နေလိုက်ပေးရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။
ဦးသိန်းညွန့်သည် ၂ဝဝ၇ ခုနှစ်အတွင်း ရှေ့နေလိုင်စင် ပိတ်သိမ်းခံရသူဖြစ်ကာ၊ လွှတ်တော်အမတ် ဖြစ်လာအပြီး ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှေ့နေလုပ်ခွင့် လိုင်စင် ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။
ရှေ့နေလိုင်စင် ပိတ်သိမ်းခံရခြင်းမှာ တရားသူကြီးချုပ် ဦးသိန်းမောင်၏ “ တရားကို မတရားလုပ်ရင် တိုင်းပြည်ပျက်မယ်” ဆိုသည့်စကားကို အမှုတခုအတွင်း ကိုးကား သုံးစွဲမိခြင်းကြောင့် တရားရုံးကို မထေမဲ့မြင် ပြုသည်ဟုသည့် စွပ်စွဲချက်ဖြင့် ရှေ့နေလိုင်စင် ပိတ်သိမ်းခံရခြင်းဖြစ်သည်ဟုလည်း ဦးသိန်းညွန့်က မဇ္ဈိမကိုပြောသည်။
သင်္ကန်းကျွန်းလွတ်တော်အမတ် ဦးသိန်းညွန့် လိုက်ပေးမည့်အမှုသည် ရှေ့နေလိုင်စင်ပြန်ရအပြီး ပထမဆုံး လိုက်မည့် အမှုများလည်းဖြစ်ကာ ဦးသိန်းညွန့်အနေဖြင့် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်သည့် အမှုများနှင့် လူ့အခွင့်အရေးနှင့် တရားမျှတမှုများအတွက် ရှေ့နေလိုက်မည်ဖြစ်ပြီး အခြားအမှုများကိုမူလိုက်ပါဆောင်ရွက် မည်မဟုတ်ကြောင်း မဇ္ဈိမကို ပြောခဲ့သည်။