နယူးဒေလီ (မဇ္စျိမ) ။ ။မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သားငယ် ကိုထိန်လင်းနှင့် အတူ အင်္ဂါနေ့မနက်တွင်အာဇာ နည်ဗိမာန်သို့ သွားရောက် ဂါရဝပြုမည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက ပြောသည်။
မနက် ရ နာရီတွင် ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်ပြီးနောက် ရွှေတိဂုံဘုရား ခြေတော်ရင်း တောင် ဘက်မုခ် အနီးရှိ ကွယ်လွန်သူ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက် ဂါရဝပြုမည်။ ထို့နောက် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ဇွန်လ ၁၉ ရက်နေ့က အလည်အပတ် ရောက်ရှိလာသည့် သားဖြစ်သူ ကိုထိန်လင်းမှာ မနက်ဖြန် ညပိုင်းတွင် နေရပ်ရင်း ဗြိတိန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
ထို့အပြင် အာဏာပိုင်များက ဖိတ်ကြားလျှင် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုမည်ဟု တနင်္လာနေ့ မနက်ပိုင်းတွင်တက္ကသိုလ်ရိပ် သာလမ်း နေအိမ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့ သေးသည်။
“မနက်က သတင်းထောက်က မေးတော့ ဖိတ်ရင်သွားမှာပေါ့တဲ့။ အခုထက်ထိ ဖိတ်သေးပုံ မပေါ်ဘူးခင်ဗျ။ NLD ကတော့ ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ရှိပါတယ်။ အခမ်းအနားလုပ်မယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
သို့သော် မနက်ဖြန် အာဇာနည်ဗိမာန် သွားရောက်မည့် အစီအစဉ်ကိုမူ သေချာစွာ မသိရသေးဟုဆိုကာ သူက “ကျနော်ကြားတာက နက်ဖြန် ခရီးစဉ်တခု ရှိတယ်လို့ပဲ ကြားပါတယ်။ ဘယ်ရယ်ဘာညာ မသိပါဘူး” ဟု ဆိုသည်။
၁၉၈၈ ခုနှစ်မှစ၍ မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်ဗိမာန်သို့
သွားရောက် ဂါရဝပြုခွင့်မှာ ၈ ကြိမ်သာ ရရှိခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် နောက်ဆုံးအကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ကျန်နှစ်များတွင် နေအိမ်အကျယ်ချုပ်ဘဝဖြင့် နေထိုင်ခဲ့ရသဖြင့် သွားရောက် ဂါရဝပြုခွင့် မရခဲ့ပေ။
တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ၄ ရက်ကြာ ပုဂံဘုရားဖူး ခရီးစဉ်အကြောင်းဒေါ်အောင်ဆန်းစု ကြည်ကရှင်းလင်း ပြောကြားခဲ့ရာ၊ ခရီးစဉ်တလျှောက် လိုက်ပါခဲ့သည့် သတင်းထောက် ၁၇ ဦးတက်ရောက် ခဲ့သည်။
“မနူဟာဘုရင်ကလည်း သိပ်လေးစားဖို့ ကောင်းတယ်၊ အကျဉ်းစံဘဝမှာတောင်မှ အနော်ရထာတို့က ကြောက်ရတယ်၊ အကျဉ်းစံဘဝကို နားလည်လို့ သူသွားတယ်၊ NLD အဖွဲ့ဝင်တွေလည်း အဲလိုပဲအကျဉ်း ကျခံနေရတာတွေ များတယ်၊ အဲဒါကြောင့် အဓိက သွားတာပါလို့ ရှင်းပြတယ်” ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ သတင်းထောက်တဦးက မဇ္စျိမကို ပြောပြသည်။
ထို့အပြင် အာနန္ဒာဘုရား ဖူးရခြင်းနှင့် ပတ်သက်၍ “အာနန္ဒာဘုရားဆိုရင် ကျန်စစ်သားမင်းကိုပုဂံမင်း တွေထဲမှာ လေးစားတယ်။ သူဟာ မင်းအဖြစ် ထီးနန်းမရပေမယ့်လည်း နေနိုင်တယ်။ မြင့်မြတ်တဲ့စိတ်ထား ရှိတယ်။ သူ မင်းဖြစ်တဲ့ အချိန်မှာလည်း တိုင်းပြည်ကို စီမံခန့်ခွဲပေးသွားတယ်။ အဓိကကတော့ မွန်-မြန်မာ ချစ်ကြည်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဘယ်လိုစီမံဖော်ဆောင်သွားတယ် ဆိုတာ ပြောပြပါတယ်” ဟု သူက ဆိုသည်။
ပုဂံဒေသ စိမ်းလန်းစိုပြေရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ပူပန်ပြီး၊ ပုဂံဘုရားများ ပြန်လည် ပြုပြင်ရေးများ ကြောင့် ရှေးဟောင်း လက်ရာအချို့ ပျက်စီးသွားမည်ကို စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။
မကြာခင် ရန်ကုန်ပြင်ပ စည်းရုံးရေး ခရီးစဉ်များနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းခဲ့ကြ
သေးသည်။
သတင်းထောက်တဦးက “ နိုင်ငံရေး ခရီးစဉ် ထွက်တဲ့အခါ သွားမယ့်ခရီးစဉ်ကို အတိအကျ ပြောမှာပါတဲ့။ စည်းရုံးရေး လုပ်ပါတယ်ဆိုမှ တိုးတိုးတိတ်တိတ် သွားလို့ ဘယ်ဖြစ်မလဲလို့ ပြောပါတယ်” ဟု မဇ္စျိမကို ပြန်ပြောပြသည်။
၂ဝဝ၃ နယ်လှည့် ခရီးစဉ်များတွင် မီဒီယာသမားများ လိုက်ပါလာနိုင်ခဲ့ပါက မေ ၃၀ ဒီပဲယင်း လုပ်ကြံမှုမျိုး
ဖြစ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယူဆသည်။
“သူ့မိတ်ဆွေတယောက်က ပြောတယ်တဲ့။ ၂ဝဝ၃ ခုနှစ်တုန်းက (ဒီပဲယင်း) ခရီးစဉ်မှာ မီဒီယာတွေ လိုက်နိုင်ရင်
ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ သူကလည်း ဟုတ်ပါတယ်လို့ ပြောပါတယ်တဲ့။ အဲဒါကြောင့်ကျနော်တို့ ကို ဖိတ်ပြီး ရေနွေးကြမ်း ခေါ်တိုက်တာပါတဲ့။ အဲဒီတုန်းက မီဒီယာတွေ မပါခဲ့လို့ အဲလိုဖြစ်သွားတာပါဆိုတဲ့ စကားဟာ မှန်ပါတယ်တဲ့” ဟု သတင်းထောက်က ဆက်ပြောပြသည်။
စည်းရုံးရေး ခရီးစဉ်ကို ၆၄ နှစ်မြောက် အာဇာနည်နေ့ ကျရောက်မည့် ဇူလိုင် ၁၉ ရက် နောက်ပိုင်းမှသာ စတင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။
တနင်္လာနေ့မှာပင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်မည့် သမ္မတအကြံပေး စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်၏ ဆွေးနွေးပွဲ အစီအစဉ်မှာ အချိန်ကပ်၍ ပျက်ပြားသွားကြောင်း ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး အဆိုအရ သိရသည်။
“မနက်က ၈ နာရီလောက်မှာ သိပါတယ်။ စီစဉ်ပေးတဲ့ ဦးစိုးဝင်းကို ဦးမြင့်က ပြောလို့။ သူ အဆင်မပြေလို့
ဖြစ်မှာပေါ့ဗျာ။ တခုခု အဆင်မပြေ ဖြစ်သွားလို့ ဖြစ်မှာပါ။ စီစဉ်သူတွေက ဒီနေ့တော့ မလုပ်ဖြစ်ပါဘူးဗျာ
ပြောတော့ ကျနော်တို့လည်း ကောင်းပြီလို့ ပြောလိုက်တာပါပဲ” ဟု သူက မဇ္စျိမကို ပြောသည်။
ဒေါက်တာဦးမြင့်က ကိုယ်တိုင်ပြုစုထားသည့် ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ခဲ့ရာမှ ပျက်ပြားသွားခြင်း ဖြစ်သည်။ NLD ဗဟိုခေါင်းဆောင်များအပြင် ရန်ကုန်တိုင်း အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ပတ်သက်၍ အခြား စိတ်ဝင်စားသူများပါ တက်ရောက် နားထောင်ရန် ဖြစ်သည်။
အစီအစဉ် ဖြစ်မြောက်ပါက အမှာစကားပြောကာ ဆွေးနွေးပွဲ ဖွင့်လှစ်ပေးမည့် ဦးတင်ဦးက ယခုအစီအစဉ် ပျက်သွားရသည်ကို နားမလည်နိုင်ကြောင်း ပြောသည်။
“သူတို့ကိစ္စနဲ့ သူတို့ဖြစ်တာ၊ မပြောတတ်ဘူးဗျ။ သူတို့ကို ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်ထားလဲဆိုတာ နားမလည်နိုင်ဘူး။ သူကလည်း သူ့နည်းသူ့ဟန်နဲ့ တက်တက်ကြွကြွ လိုက်လုပ်ပေးနေတာ။ သူ့ကိုတော့ ဟိုက ဘာပြောလဲ မသိဘူး။ ကျနော်တို့သိတာက ဦးမြင့် ဒီနေ့လာဖို့ရာ အဆင်မပြေပါဘူး။ အစီအစဉ်ကို
ရွှေ့ဆိုင်းပါတယ်လို့ပဲ သိရပါတယ်” ဟု သူက ဆိုသည်။
ဒေါက်တာဦးမြင့်အနေဖြင့် သူ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးစာတမ်းနှင့် ပတ်သက်၍ လိုက်လံ၍ ရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်နေသည့် နည်းတူ NLD ရုံးချုပ်တွင်လည်း ရှင်းလင်းဆွေးနွေးလို ကြောင်း ကမ်းလှမ်းလာခဲ့ရာ NLD သုတေသနနှင့် စီးပွားရေး ကျွမ်းကျင်သူ ဦးစိုးဝင်း ထံမှတဆင့်စီစဉ်ခဲ့ ကြောင်း ဦးတင်ဦးက ပြောပြသည်။