ချင်းမိုင် (မဇ္ဈိမ) ။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင် လူငယ်များက ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်တွင် ညအိပ်စောင့်ဆိုင်းနေသဖြင့် အတိုက်အခံပါတီကြီး၏ ရုံးခန်းကိုအာဏာပိုင် များက ဝင်ရောက် စီးနင်းမှာလားဆိုသောစိုးရိမ်မှု များ ရန်ကုန်နှင့် နယ်စပ်ရှိ ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွင်း ပေါ်ထွက်နေသည်။
သို့သော် ပါတီရုံးကို ဝင်ရောက်ရှာဖွေဖွယ် မရှိနိုင်ကြောင်း ပါတီအကြီးတန်း ခေါင်းဆောင်များကခန့်မှန်းထား သည်။
NLD လူငယ် ၅ ဦးကျ ရုံးချုပ်တွင် ညအိပ် စောင့်ကြပ်နေ သည်မှာ တပတ်ရှိပြီ ဖြစ်ကာ၊ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ဘုရားဖူးထွက်သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ပြည်ထဲရေးဝန်ကြီးဌာနက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပြီးတရားဝင်ပါတီ မဟုတ်ဘဲ တရားဝင်သကဲ့သို့ လှုပ်ရှားနေခြင်းသည် ဥပဒေနှင့်ဆန့်ကျင်နေကြောင်း သတိပေးပြီးနောက် ဒေသခံရဲများက ရုံးချုပ်ကို ရှောင်တခင်ဝင်ရောက်ပြီး စာရွက်စာတမ်းများ သိမ်းဆည်းသွားမည်ကိုစိုးရိမ် သဖြင့် ညအိပ်စောင့်ခြင်း ဖြစ်ကြောင်း ပါတီလူငယ် ကိုရာဇာက မဇ္ဈိမကို ပြောသည်။