ကျန်းမာရေးနှင့် အစားအသောက် ICRC ကူညီစေလို

ကျန်းမာရေးနှင့် အစားအသောက် ICRC ကူညီစေလို
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ) ။      ။ မြန်မာအကျဉ်းထောင် များတွင် အကျဉ်းသားများမှာ အရည်အသွေးညံ့ အစားအစာများသာ ရရှိပြီး၊ ကျန်းမာရေးစောင့် ရှောက်မှုလည်း အချိန်မီ မရသဖြင့် ICRCကမ္ဘာ့ ကြက်ခြေနီ အဖွဲ့အနေဖြင့် သွားရောက် ကူညီရန် နိုင်ငံရေး အကျဉ်းသားဟောင်းနှင့်မိသားစုဝင် များက ပြောဆိုလိုက်သည်။

icrc“ကျနော်က ICRC မဝင်တဲ့ ကာလမှာ ထောင်ကျတာဆိုတော့ စားရေး၊ နေရေးကိစ္စဆိုတာ ကျနော်တို့ အထဲမှာ တိုက်ပွဲလုပ်ယူရတာ။ ဟင်းလည်း တာလဘောရည်ကျဲက တက်မလာဘူး၊ ဆန်ကတော့ ပြောမနေနဲ့တော့” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်ဝင်းထွန်းက မဇ္စျိမကို ပြောသည်။

icrcဦးကျော်ဝင်းထွန်းသည် အရေးပေါ် စီမံချက် ဥပဒေ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချခံခဲ့ရပြီး၊ ၂ဝ၁၁ ဧပြီလထဲတွင် သမ္မတသစ်၏ တနှစ်လျှော့အမိန့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်တဦး ဖြစ်သည်။

ဗန်းမော်ထောင်တွင် အကျဉ်းကျနေသာ ၈၈ မျိုးဆက်ကျောင်းသား ကိုပဏ္ဍိတ်ထွန်းက ရဲဘက်စခန်းများ
တွင်လည်း အကျဉ်းသားအခွင့်အရေးများ ချိုးဖောက်ခံနေရသဖြင့်၊ ICRC ကို ရဲဘက်စခန်းများသို့ပါ သွားကြည့်စေလိုကြောင်း ပြောဆိုခဲ့သည်ဟု သူ၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက ပြောပြသည်။ ကိုပဏ္ဍိတ်ထွန်းမှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရခြင်း ဖြစ်သည်။

“ICRC က ကျနော်တို့ဆီ မလာရင်နေပါစေ၊ ရဲဘက်စခန်းကိုသွားတာ ပိုကောင်းပါတယ်တဲ့။ အဲဒီမှာ လူတွေက ပင်ပန်းရတဲ့အထဲ ဝန်ထမ်းတွေ ခေါင်းပုံဖြတ်လို့ မဝမလင် စားနေရတာတွေ၊ အလုပ်ပိ သေတာနေတာတွေ ဖြစ်နေတယ်လို့ အန်တီ့ကို ပြောတယ်” ဟု သူက ပြောသည်။

မြန်မာအစိုးရအနေဖြင့် အကျဉ်းသားများ၏ စားသောက်မှု စံနှုန်းသတ်မှတ်ချက်များကို ပြုပြင်ရန်လိုအပ် သည်ဟု ထိုင်းနိုင်ငံအခြေစိုက်  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B)က ဆိုသည်။

“အကျဉ်းထောင်လက်စွဲထဲက စံနှုန်းက အင်္ဂလိပ်ခေတ်က သတ်မှတ်ထားတဲ့ နှုန်းနဲ့ဆိုတော့အခုပေါက်စျေး နဲ့ဘယ်လိုမှ မကိုက်တော့ဘူး။ အကျဉ်းဦးစီးကလည်း ဒီခေတ်ပေါက်စျေးနဲ့ ကျွေးနိုင်တဲ့ အနေအထား မရှိဘူး” ဟု AAPP (B) တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က မဇ္စျိမကို ပြောသည်။ ထို့အပြင် ICRC ကို လုပ်ထုံး လုပ်နည်းများ အတိုင်း လွတ်လပ်စွာ လည်ပတ်ခွင့်ပြုရန်နှင့် အကျဉ်းသားများနှင့် ထိတွေ့ခွင့်ပြုရန် လိုအပ်သည်ဟု ဆိုသည်။

ICRC သည် ၁၉၉၉ မှ ၂ဝဝ၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာအကျဉ်းထောင်များအတွင်း သွားရောက်ကာ အကျဉ်းသားများ၏ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေးတွင် စံနှုန်းများနှင့်အညီ စောင့်ရှောက်မှုရရှိရန် ကူညီပေးခဲ့သည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသား မိသားစုများအား ထောင်ဝင်စာတွေ့နိုင်ရေးအတွက် ခရီးစရိတ်များ ထောက်ပံ့ကူညီပေးသည်။

သို့သော် ၂ဝဝ၅ နောက်ပိုင်းတွင် အစိုးရက အကျဉ်းထောင်များသို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း (ယခု အာဏာရ ပါတီ) နှင့်အတူ ပူးတွဲသွားရောက်ရန် ကန့်သတ်သဖြင့် ICRC က အကျဉ်းထောင်များ လည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့
၃ ရက်ကြာ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ICRC ကို အကျဉ်းထောင်များ ပြန်လည်သွားရောက်ခွင့်ပြု ရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့တွင် ICRC တာဝန်ရှိသူများသည် မော်လမြိုင်၊ ဘားအံ၊ မြောင်းမြထောင်များသို့ သွားရောက်ကာ၊ ထောင်အတွင်း သန့်ရှင်းရေးနှင့် ရေ၊ မီး ရရှိမှု အခြေအနေများ စစ်ဆေးခဲ့ကြောင်း ကြာသပတေးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။ သို့ရာတွင်ထောင်ကျအကျဉ်း သားများ နှင့် တွေ့ဆုံခွင့် ရ၊ မရ မသိရပေ။

ICRC သည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်ကပင် မြေမြှုပ်မိုင်းထိသူများ၊ မသန်စွမ်းသူများကိုစတင်ကူညီခဲ့ သည့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတဝှန်းတွင် အကျဉ်းထောင်ပေါင်း ၄၂ ခုနှင့် ရဲဘက်စခန်းပေါင်း ၁ဝ၉ ခု ရှိသည်။