နယူးဒေလီ (မဇ္စျိမ) ။ ။ လေပြင်းမုန်တိုင်းကြောင့် ၁ဝ နှစ်ကျော်ကြာကတည်းက အိန္ဒိယသို့ရောက်လာ ခဲ့သော မြန်မာငါးဖမ်းလုပ်သား ၃ ဦး၏ နေရပ်ရင်း ပြန်ရရေးကိစ္စမှာ ယခုထိ မရေမရာ ဖြစ်နေသည်။
ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ငုတောကျေးရွာမှ တံငါများဖြစ်သည့် ကိုတင်၊ ကိုသိန်းထွန်းနှင့် ကိုဋ္ဌေးဝင်းသည် သက္ကရာဇ် ၂ဝဝဝ ထဲတွင် ပင်လယ်လေပြင်း မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ ပင်လယ်ကမ်းခြေ ပြည်နယ်တခု ဖြစ်သည့် အန်ဒရာ ပရာဒေ့ချ် Andhra Pradesh တွင် သောင်တင်နေခဲ့သည်။
“ကျနော်တို့ မုန်တိုင်းကြောင့် ပင်လယ်ထဲကနေ မျောလာတာ။ ငါးသွားဖမ်းရင်းနဲ့။ တခြားအဖော်တွေ မပါဘူး။ ၃ ယောက်ထဲ။ ဘောက်တူနဲ့ဗျ။ ၃ ယောက်လုံး ဒီမှာရောက်နေတာ ဘယ်သူမှ မသိဘူး၊ ဘယ်သူမှ မပို့ဘူး” ဟု ကိုတင်က မဇ္စျိမကို ပြောသည်။
၎င်းတို့ကို ကူညီနေသည့် အိန္ဒိယလူမျိုး K.B.Rao မှတဆင့် နယူးဒေလီရှိ မြန်မာသံရုံးသို့ နေရပ်ပြန်ပို့ပေးရန် ယခုနှစ်ဆန်းပိုင်းတွင် အကြောင်းကြားခဲ့သည်။
မြန်မာသံရုံး၏ ၂ဝ၁၁ ဧပြီ ၂၃ ရက်စွဲပါ အကြောင်းပြန်စာတွင် ဤကဲ့သို့ အရေးကိစ္စများနှင့် စပ်လျဉ်း၍ လုပ်ထုံး လုပ်နည်းများ ရှင်းပြထားသည်။
“ပထမဦးစွာ မြန်မာနိုင်ငံသားအဖြစ် စိစစ်ရန် လိုကြောင်း၊ သံရုံးမှ ပေးပို့မည့် ပုံစံစာရွက်တွင် ဖြည့်စွက်ပြီး ပြန်ပို့ရမှာ ဖြစ်ကာ သံရုံးမှတဆင့် မြန်မာနိုင်ငံသို့ နိုင်ငံသားစိစစ်ရန် ပေးပို့ရမည်။ ထိုသို့ စိစစ်ပြီး မြန်မာ နိုင်ငံသား သေချာပါက နိုင်ငံရင်းသို့ ပြန်ပို့ရန်အတွက် အိန္ဒိယ ပြည်ပရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက် ပြီး လိုအပ်သည်တို့ကို စတင် အကောင်အထည် ဖော်မည်” ဟု ပထမ အတွင်းဝန် ဦးမောင်မောင်အေးက ရေးသားထားသော စာတွင် ပါရှိသည်။
သံရုံးမှ ပေးပို့လာသည့် ကိုယ်တိုင် ဖြည့်စွက်ရန် ကိုယ်ရေး အချက်အလက် ပုံစံစာရွက်များ၌ ဖြည့်စွက်ကာ ၂ဝ၁၁ မေလထဲတွင် ပြန်ပို့လိုက်သော်လည်း နောက်ထပ် တစုံတရာ အကြောင်းပြန်မှု မရသေးဘဲဖြစ်နေပြန် သည်။
အိန္ဒိယအစိုးရက ၎င်းတို့ကို နေရပ်နိုင်ငံ ပြန်ပို့ရန်အတွက် ငွေပို့ပေးခဲ့သော်လည်း ၎င်းတို့လက်ထဲ ရောက်မလာ ကြောင်းနှင့် ရဲက အလွဲသုံးစားလုပ်ခဲ့သည်ဟု ကိုတင်က စွပ်စွဲလိုက်သည်။
“ ပိုက်ဆံက ရောက်လာလိုက်၊ ကျနော်တို့ မသိရင် စားပစ်လိုက်နဲ့ မပြန်ရတာ။ အဲလို ၃ ကြိမ်လောက်ရှိပြီ။ တယောက်ကို ၃ သောင်း ပို့တာ။ ဒီရဲပြောင်းသွားတော့ နောက်ရဲ ရောက်လာပြန်ပြီ။ အဲဒီကောင်က စားသွား ပြန်ရော။ ဘာလိုတုန်း မသိဘူး။ တအောင့်ကြာဦးမယ်၊ တအောင့်ကြာဦးမယ်လို့ပဲ ပြောတယ်” ဟု ကိုတင်က
ပြောသည်။
ဆွေမျိုးများနှင့် အဆက်အသွယ် ရလိုကြောင်း မေတ္တာရပ်ခံထားသည့် စာတစောင်ကို ၂ဝ၁၁ မေ ၁၁ ရက်စွဲ ဖြင့် သံရုံးသို့ ပေးပို့ခဲ့သော်လည်း အကြောင်းပြန်စာ မရသေးပေ။
“ကျနော်တို့ အတော်ပြန်ချင်နေပြီဗျ။ စိတ်ညစ်တယ်ဗျာ၊ ဒီမှာနေရတာ။ ၃ ယောက်လုံး အိမ်ထောင်မိသားစု နဲ့ဗျ၊ ဗမာပြည်မှာ။ သိပ်ပြန်ချင်တယ်ဗျာ” ဟု ကိုတင်က ပြောသည်။
၎င်းတို့ ၃ ဦးအား မြန်မာပြည်သို့ ပြန်ပို့ရေးအစီအစဉ်fishman2အသေးစိတ် သိနိုင်ရန် မဇ္စျိမက မြန်မာသံရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူ အရာရှိ ဖြေဆိုရန် ငြင်းဆန်သည်။
ဘင်္ဂလားပင်လယ်အော် ကမ်းခြေမှ ကီလိုမီတာ ၅ဝ ခန့် ကွာဝေးသော East Godavari ခရိုင် Amalapuram မြို့နယ် Katreni Koma ရဲစခန်း၌ ၎င်းတို့ ၃ ဦးသား ၁ဝ နှစ်ကျော်ကြာ နေထိုင်စားသောက်ခဲ့ကြသည်။
“ရဲကွာတားမှာ နေစရာပေးတယ်။ ရောက်စက သူတို့က တလလောက် ကျွေးတယ်။ နောက် ကျနော်တို့ ဘာသာ အလုပ်လုပ်စားနေရတယ်။ အခုတော့ ဒေသခံစကား နည်းနည်းတတ်လာပြီ။ အလုပ်ပေါင်းစုံ လုပ်တယ်” ဟု ကိုတင်က ဆိုသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကာ လက်ရှိတွင် နေ့စားအလုပ်သမားအဖြစ် မြေတူးခြင်းဖြင့် သက်မွေးဝမ်းကျောင်းနေကြသည်။
အိန္ဒိယပိုင်နက် အန်ဒမန်ကျွန်းစု ပို့ဘလဲတွင်လည်း မြန်မာရေလုပ်သားများ ရာနှင့်ချီ၍ သောင်တင်နေကြောင်း သိရသည်။ ပို့ဘလဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဤကဲ့သို့သော မြန်မာနိုင်ငံသားများ သောင်တင်နေလေ့ရှိသည်မှာ ထိုင်းငါးဖမ်းလှေများပေါ်၌ လုပ်ကိုင်ကြသော မြန်မာနိုင်ငံသား အများစုဖြစ်ပြီး၊ အိန္ဒိယရေပိုင်နက်အတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။