ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာအစိုးရဘက်က စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ကြာသပတေးနေ့ တွင်တွေ့ဆုံဆွေးနွေးပြီးနောက်နှစ်ဖက်အပစ်ခတ် ရပ်စဲ ရေး သဘောတူညီချက် ရရှိဖို့နီးစပ်နေပြီ ဖြစ်သည်။
ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးစီးသော ၃ ဦးပါ ကိုယ်စားလှယ်အဖွဲနှင့် KIO ဘက်မှ ဒုစစ်ဦးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ခေါင်းဆောင်သော ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ လဂျားယန်ရှိ KIO ဆက်ဆံရေးရုံးရှေ့တွင် တနာရီခွဲကြာဆွေးနွေးခဲ့ကြ သည်။
“သူတို့ဘက်က တဖက်သတ် အပစ်ရပ်ဆိုင်းထားတယ်ဆိုတာကို ခိုင်မာမှု သက်သေရှိရမယ်။အဲဒီအချက် တွေ လုပ်ပေးနိုင်တယ်ဆိုရင် ကျနော်တို့ဘက်က ရှေ့တန်းတွေ ရုပ်သိမ်းဖို့ ညွှန်ကြားမှာပါ။ အဲဒီ ညွှန်ကြားမှု ပြီးရင် သူတို့ စစ်တပ်ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ်နဲ့ ကျနော်တို့က အပစ်အခတ် ရပ်ဆိုင်းရေးတခုကိုလက်မှတ် ထိုးကြမယ်။ ဒီနေ့ တွေ့ဆုံပွဲ ပဏာမ တွေ့ဆုံမှုလို့ ပြောရမယ်” ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “ဒီနေ့ ပြောဆိုတဲ့အပိုင်းမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရအောင်ဆိုတဲ့ ပြောဆိုတဲ့ အချက်ပါလာတဲ့ အတွက်ကြောင့် အစိုးရအဆက်ဆက်ကနေပြီးတော့လုပ်ဆောင်ပြောဆို မှုတွေကနေ တဆင့် လျှော့လိုက်တဲ့ သဘောလို့ မြင်တယ်” ဟု ပြောသည်။
ငြိမ်းတည်ညှိနှိုင်းအဖွဲ့က တင်ပြချက်တွင် အစိုးရတပ်များကို ဇွန် ၁၈ ရက်နေ့ကတည်းကအပစ်ခတ် ရပ်ခိုင်းထားပြီး ဖြစ်ကြောင်းနှင့် နှစ်ဘက် ပုံမှန် ဆက်သွယ်နိုင်မည့် မြစ်ကြီးနားမြို့ ဆက်ဆံရေးရုံးကို ပြန်လည် ဖွင့်ပေးရန်တို့လည်း ပါရှိသည်ဟု KIO ခေါင်းဆောင်များက ပြောသည်။
အစိုးရကိုယ်စားလှယ်အဖွဲ့မှာ ယနေ့တွင်ပင် မြစ်ကြီးနားသို့ ပြန်လည်ထွက်ခွါသွားပြီဖြစ်သည်။အပစ်ခတ်ရပ် စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုနှင့် သက်တမ်းကာလနှင့် ပတ်သက်၍ အစိုးရဘက်က ပြန်လည်တုံ့ပြန်ချက် လိုအပ်နေသေးသည်။
ဇွန် ၉ ရက်တွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဇွန် ၂၇ ရက်အထိ ဖြစ်ပွားနေခဲ့သော်လည်း ယခုအခါ ငြိမ်သက်နေသည်။
အစည်းအဝေးသို့ ငြိမ်းတည် ညှိနှိုင်းအဖွဲ့ဝင် ၅ ဦး ရှိသည့်အနက် နယ်စပ်ဒေသ လုံခြံုရေးနှင့်ဖွံ့ဖြိုးရေး ဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ ကချင်အမျိုးသား အတိုင်ပင်ခံ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်၊စည်းလုံးညီညွတ် ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် UDPKS အမျိုးသားလွှတ်တော် ဦးခက်ထိန်နန်တို့ လာရောက်ခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပထမတန်း စစ်ဆင်ရေး ဗိုလ်မှူးကြီး ထွန်းထွန်းအုန်းနှင့် စစ်ဘက်ရေးရာ စုံစမ်းစစ်ဆေးရေးဌာန ဗိုလ်မှူးနိုင်လင်း တက်ရောက်လာခြင်း မရှိခဲ့ကြောင်း သိရသည်။
အဖွဲ့ခေါင်းဆောင် ရခိုင်အမျိုးသား ဗိုလ်မှူးကြီးသန်းအောင်သည် ဆက်ဆံရေး ကောင်းမွန်သူဟုလူသိ များပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အချိန်ကြာမြင့်စွာ တာဝန်ယူခဲ့သူ ဖြစ်သည်။
သူသည် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်အတွင်း ဖားကန့်ဗျူဟာမှူးနှင့် ၂ဝဝ၉-၂ဝ၁ဝ ခုနှစ် အစောပိုင်းမြောက်ပိုင်း တိုင်း စစ်ဌာနချုပ် ဗျူဟာမှူး တာဝန်ယူခဲ့သည်။ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နယ်စပ်ဒေသ လုံခြံုရေးနှင့် ဖွံံ့ဖြိုးရေးဝန်ကြီး ဖြစ်လာခဲ့သည်။
“ ဒီနေ့တော့ သူတို့နဲ့ တွေ့ဆုံပြီးတော့ စစ်တပ်ဘက်က လိုချင်တာတွေ တင်ပြတဲ့ အချက်တွေတင်ပြ တာပါပဲ။ ကေအိုင်အိုဘက်ကတော့ လက်မှတ်ထိုးဖို့ အစီအစဉ် ဆွဲမယ်ဆိုတဲ့ သဘောရှိတယ်” ဟု ဦးဆင်ဝါးနော်က မဇ္ဈိမသို့ပြောသည်။
ငြိမ်းတည်ညှိနှိုင်းအဖွဲ့ကို မြစ်ကြီးနားမှ လမ်းခရီးတဝက်ခန့်ရှိ ရွှေညောင်ပင်-ဂါးရားယန်ကျေးရွာ တို့အကြားရှိ ချောင်းတဖက်ချမ်းမှ KIO လုံခြံုရေးတပ်ဖွဲ့များက လာရောက်ကြိုဆိုခဲ့ပြီး အစိုးရဘက်မှ လုံခြံုရေးတပ်ဖွဲ့ ၁ဝ ဦးခန့် လဂျားယန် တပ်စခန်းတွင် နေရစ်ခဲ့ကြသည်။
“ ကျနော်တို့ဘက်က လုံခြံုရေးတွေ သွားကြိုတဲ့အခါ လုံးဝ ယုံကြည်တဲ့သဘော တွေ့ရတယ်။ အဲတော့ ဒီတွေ့ဆုံမှုကနေ ဆွေးနွေးမှု အဆင့်ရောက်အောင် လုပ်သွားစေချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ တွေ့ရတယ်” ဟု ဦးလနန်က ပြောသည်။
အစိုးရ တပ်ဖွဲ့များဘက်များ အပစ်ရပ်ဆိုင်းကြောင်း သက်သေ အထောက်အထားကို တရားဝင် အခိုင်အမာ တင်ပြရန် KIO က ထပ်မံတောင်းဆိုလိုက်သည်။
ဖြစ်ပေါ်လာနိုင်သည့် အပစ်အခတ်ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ “ယာယီပြောလို့လည်း မရဘူး။အခြေအနေ အပေါ် မူတည်ပါတယ်။ စားပွဲပေါ်မှာ တနိုင်ငံလုံးအတိုင်းအတာ တွေ့ဆုံမှုတွေ ပေါ်လာမယ်ဆိုရင် နိုင်ငံရေး တည်ငြိမ်သွားတဲ့အခါ ရပ်စဲရေးတောင် ဖြစ်သွားနိုင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။