နယူးဒေလီ (မဇ္စျိမ) ။ ။ တိုင်းပြည်တွင် စစ်မီးများ ပြန်လည်ပွားနေသည့် အနေအထား ရှိသည့်အတွက် ယခုအချိန်မှာ ငြိမ်းချမ်းရေးသာ အရေးအကြီးဆုံး ဖြစ်ကြောင်း တနင်္ဂနွေနေ့က ကျရောက်သည့် သူမ၏ ၆၆ နှစ်မြောက်မွေးနေ့ တွင် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက် သည်။
ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်တွင် မွန်းလွဲ တနာရီမှ စတင် ကျင်းပသည့် ပါတီအထွေထွေ အတွင်းရေးမှူး၏ အဆိုပါ မွေးနေ့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် မိန့်ခွန်း ၅ မိနစ်ခန့် ပြောကြားခဲ့သည်။
“ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ သာယာဖို့ဆိုတာ ပထမဦးဆုံး ငြိမ်းချမ်းဖို့ လိုပါတယ်။ ကျမရဲ့မွေးနေ့ဆုတောင်း ကတော့ ကျမတို့အားလုံး ငြိမ်းချမ်းကြပါစေဆိုတဲ့ ဆုတောင်းပါပဲ”
ငြိမ်းချမ်းရေးဆိုသည်မှာ တဦးတယောက်၊ တဖွဲ့တည်းမှ လုပ်၍ မရနိုင်ဘဲ အားလုံးဝိုင်းလုပ်မှ ရမှာဖြစ်သည့်အတွက် အားလုံး ဝိုင်းလုပ်ကြရန်လည်း မေတ္တာရပ်ခံသွားသည်။
“ တခြား မွေးနေ့လက်ဆောင်တွေထက် အရေးကြီးတဲ့ လက်ဆောင်ကတော့ ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေး ရစေတဲ့ စိတ်ထားတွေ တဦးချင်းစီက ပွားပေးကြပါလို့”
ထို့ပြင် သူမ၏ မွေးနေ့အား မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ပေးထားသည့်အတွက် အမျိုးသမီးများ အရေးကိုလည်း အထူးပြု ပြောကြားသွားခဲ့သေးသည်။
“ စစ်တွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပြီဆိုရင် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အများဆုံး ဒဏ်ခံရသူတွေ ဖြစ်တဲ့အတွက် အမျိုးသမီးများဟာ ငြိမ်းချမ်းရေးကို ပိုလိုလားကြတယ်၊ ငြိမ်းချမ်းရေး ဘယ်လောက် လိုအပ်တယ်ဆိုတာ ကောင်းကောင်း နားလည်ကြပါတယ်”
ရုံးတွင်း၊ ရုံးပြင်သာမက ရုံးရှေ့ လမ်းမပေါ်တွင်ပါ ဧည့်ပရိသတ်များနှင့် စည်ကားလှသည့် မွေးနေ့ပွဲတွင် နိုင်ငံခြားသံရုံးမှ သံအရာရှိများလည်း လာရောက် နှုတ်ဆက်ကြသည်။
“ပရိသတ်က ၁၅၀၀-၂၀၀၀ လောက် ရှိမယ်ဗျ။ ရုံးထဲမှာလည်း ကြပ်ညပ်နေပြီး လမ်းပေါ်မှာလည်း ကားတွေ သွားရလာရတာ အဆင်မပြေဘူး ဖြစ်နေပါတယ်” ဟု NLD လူငယ်ခေါင်းဆောင် ကိုမျိုးညွန့်က မဇ္စျိမကို ပြောသည်။
ယခုခေတ် လူငယ်များက ‘အမေ’ ဟု တင်စား ခေါ်ဝေါ်နေကြသည့် ဒေါ်အောင်ဆန်းစုကြည်မှာလည်း မွေးနေ့ပွဲတွင် ရွှင်လန်းတက်ကြွပြီး အလွန်ဝမ်းမြောက်နေသည်ကို တွေ့ရကြောင်း ကိုမျိုးညွန့်က ဆက်လက် ပြောဆိုသည်။
ဤနှစ် မွေးနေ့ပွဲ၏ ထူးခြားချက်အနေဖြင့် ဤပွဲအား လူငယ်ကွန်ယက်မှ အားလုံးဝိုင်းဝန်း ကြိုးပမ်းအားထုတ်မှု ဖြစ်ကြောင်း “ အမေ ဖော်ဆောင်ခဲ့တဲ့ လူငယ်ကွန်ယက်ရဲ့ ထူးခြားချက်ပါ။ NLD အဖွဲ့ဝင်တွေတင် မဟုတ်ဘဲနဲ့ တခြား မျိုးဆက်သစ် ကျောင်းသားလူငယ်တွေရော၊ ကိုဖြိုးမင်းသိန်းတို့၊ မခင်မိုးအေးတို့၊ ကိုတိုးကျော်လှိုင်တို့ ၈၈ ကျောင်းသားတွေရော၊ ဂီတ ပညာရှင်တွေရော၊ ကဗျာဆရာတွေရော အကုန်လုံးက ပါဝင်ပြီးတော့ ဒီအခမ်းအနားကြီး ပြီးမြောက်အောင် ဆောင်ရွက်ပေးတာပါခင်ဗျ” ဟု ကိုမျိုးညွန့်က ဆိုသည်။
မွေးနေ့ မနက်ပိုင်းတွင် တေးဂီတပြိုင်ပွဲမှ ဆန်ကာတင် နောက်ဆုံးရွေးပွဲကို ပြုလုပ်ခဲ့ပြီး စမ်းချောင်းမြို့နယ် လူငယ်များက ‘အမောဖြေပါ အမေ’ ဆိုသည့် သီချင်းဖြင့် ပထမဆု ဆွတ်ခူးသွားခဲ့သည်။
“ အမေနဲ့ အခုလို အပြင်မှာ မြင်တွေ့ခွင့်ရပြီး အမေ့အတွက် ပွဲလေး လုပ်ပေးလိုက်ရတာကို ကျေးဇူးအများ ကြီးတင်တယ်။ အရမ်းပျော်ပါတယ်။ အမေက အမြဲတမ်း ပြံုးနေတာ။ ဒီနေ့တော့ အများကြီးပြံုးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲသို့ ပထမဦးဆုံး အကြိမ် ဝင်ရောက် ဆင်နွှဲဖူးသည့် စမ်းချောင်းမြို့ငယ်မှ ကိုကျော်ထူးလင်းက မဇ္စျိမကို ပြောသည်။
မွေးနေ့ပွဲသို့ သခင်သိန်းဖေနှင့် ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးအေးသာအောင်၊ ဦးပူကျင်ရှင်းထန်နှင့် လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များလည်း လာရောက်ခဲ့ကြပြီး ဦးတင်ဦး၊ ဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များလည်း လာရောက်ခဲ့ကြသည်။
ပါတီရုံးချုပ်တွင် သာမက ရန်ကုန်တိုင်းအတွင်း အလုံ၊ သံလျင်၊ တွံတေး၊မြောက်ဥက္ကလာပ မြို့နယ်များအပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင်လည်း ကျင်းပကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့၊ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို နှစ်စဉ် ကျင်းပလေ့ရှိသော်လည်း မွေးနေ့ ရှင်ကိုယ်တိုင် ပါဝင်ခွင့်ရသည့်နှစ်များမှာမူ အလွန် နည်းပါးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၈ ခုနှစ် ဧပြီလအတွင်းက မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုစောင့်ရှောက်ရန်
မြန်မာနိုင်ငံသို့ ပြန်လာပြီး ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ဦးဆောင်ခဲ့ရာမှ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့် စတင် ထိန်းသိမ်းခံခဲ့ရသည်။
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသော်လည်း ၂၀၀၀ ခုနှစ် စက်တင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လည် ထိန်းသိမ်းခံခဲ့ရသည်။
၁၉ လအကြာ ၂ဝဝ၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကာ ၂ဝဝ၃ ခုနှစ် မေ ၃ဝ ဒီပဲယင်း အကြမ်းဖက် လုပ်ကြံမှုကြီးအပြီး ပြန်လည် အထိန်းသိမ်းခံခဲ့ရကာ ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ၁၃ ရက်တွင်မှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။