ကြံ့ဖွံ့က အပစ်ရပ်ရန် ကမ်းလှမ်း၊ တိုက်ပွဲဆက်ဖြစ်

ကြံ့ဖွံ့က အပစ်ရပ်ရန် ကမ်းလှမ်း၊ တိုက်ပွဲဆက်ဖြစ်
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။       ။ ၉ ရက်ကြာတိုက်ပွဲများ ဖြစ်နေခဲ့ပြီးနောက် မြန်မာအစိုးရဘက်က အပစ်ခတ် ရပ်စဲလိုကြောင်း ကချင်အတိုင်ပင်ခံ ကောင်စီမှတဆင့် ကမ်းလှမ်းလာနေချိန်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသေးကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့က ပြောသည်။

“ဦးသိန်းဇော်ကနေ စကားပါးလိုက်တာက သူတို့ဘက်က အပစ်ရပ်ဆိုင်းထားပြီ၊ ကေအိုင်အိုဘက်ကလည်း အပစ်ရပ်ဆိုင်းပေးပါ။ အဲဒီကမှတဆင့် ဆွေးနွေးမှုများ လိုချင်တယ် ဆိုတာကို စကားပါးပါတယ်” ဟု KIO ဗဟိုကော်မတီဝင် ဦးလနန်က မဇ္ဈိမကို ပြောသည်။

ဦးသိန်းဇော်မှာ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး (၂) ဖြစ်သည်။

kKIO ၏ လက်နက်ကိုင်တပ်များ ဘက်မှလာသောသတင်းများအရ သောကြာနေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ကချင်တပ်တပ်ရင်း ၅ နှင့် အစိုးရတပ်များ ပစ်ခတ်မှု ဖြစ်နေသည်ဟု ဆိုသည်။

ပစ်ခတ်မှု တနာရီအတွင်း အစိုးရ တပ်ဘက်မှ ရ ဦး ကျဆုံးပြီး ကေအိုင်အိုဘက်မှ အထိအခိုက် မရှိသေးကြောင်း ကေအိုင်အိုက အရာရှိက ပြောသည်။ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၂ တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်နေရခြင်း ဖြစ်သည်ဟု ကေအိုင်အိုဘက်က ခန့်မှန်းထားသည်။

“ကျနော်တို့ ပြန်ပြောတာက အပစ်အခတ် ရပ်တယ်ဆိုတာ ပါးစပ်ကပဲ ပြောတာရှိတယ်။ အဲဒါကို လက်တွေ့ သက်သေ အထောက်အထား လိုချင်တယ်။ အဲဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကနေ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့တွေကို ညွှန်ကြားထားတဲ့ အပစ်အခတ်ရပ်ဖို့ ပြောထားတဲ့ ကြေးနန်းစာဖြစ်ဖြစ်၊ အမိန့်စာဖြစ်ဖြစ် သက်သေအနေနဲ့ ဖော်ပြဖို့ တောင်းဆိုထားတာ ရှိတယ်ခင်ဗျာ။ အဲဒါ ပြန်နိုင်မယ်။ ပေးနိုင်မယ်ဆိုရင် ကျနော်တို့ကပြန်စဉ်းစား မယ်ဆိုတဲ့ အဆင့်ရောက်နေတယ်”ဟု ဥိီးလနန်က ထပ်ပြောသည်။ 

အစိုးရလိုလားသော ကချင်အတိုင်ပင်ခံကောင်စီ WMR ဥက္ကဋ္ဌ ဦးဆင်ဝါး၊ နာယကအဖွဲ့ဝင် ဦးလုန်ဂျွန်ဆန်မိုင်၊ ဦးလဘန်ဂမ်အောင်၊ ဦးဒိန်ယော်ဇော်အိန်တို့ ၄ ဦးတို့က သောကြာနေ့နံနက်က KIO ၏ ဌာနချုပ်ရှိရာ လိုင်ဇာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယခု သတင်းရေးသားပေးပို့ချိန်အထိ ကေအိုင်အိုက တောင်းဆိုထားသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ရှေ့တန်းတပ်များကို အပစ်ခတ်ရပ်စဲရန် ညွှန်ကြားမှု အထောက်အထား တစုံတရာ မရရရှိသေးကြောင်း KIO ဘက်က ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဝန်ကြီးများ၊ ကြံ့ခိုင်ရေးမှ အထွေထွေအတွင်းရေးမှူး ၁ ဦးဌေးဦး၊ အတွင်းရေးမှူး ၂ဦးသိန်းဇော်နှင့် ကချင်အတိုင်ပင်ခံ အဖွဲ့ဝင်တို့ ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ ၂ ရက်ကြာ မြစ်ကြီးနားမြို့ ပြည်နယ်လွတ်တော် ရုံးတွင် တွေ့ဆုံပြီးနောက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

Most read this week