မဇ္စျိမသတင်းဌာန ။ ။ အမေရိကန်ဒေါ်လာသန်း ၂ဝဝ တန် နိုင်ငံပိုင် ဂြိုဟ်တုတလုံးလွှင့်တင်သွား မည်ဟု ပြည်ထောင်စု ဆက်သွယ်ရေး၊စာတိုက် နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုဝန်ကြီးဦးတင့်လွင် က ဇွန်လ ၆ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက် သည်။
ဂြိုဟ်တုကို ရုရှား၊ တရုတ်၊ ဂျပန် ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှင့်တင်ရန် စီစဉ်နေကြောင်းမိုဘိုင်း ဆက်သွယ်မှု ကွန်ယက်စနစ် တည်ဆောက်ရေးနှင့် တပ်ဆင်ရေး အခြေခံသင်တန်း အမှတ်စဉ် ၂ နှင့် အခြေခံ ပစ္စည်းထိန်းသင်တန်း (ဝ၁/၁၁-၁၂) ဖွင့်ပွဲ အခမ်းအနားတွင် ဦးတင့်လွင်က ပြောဆိုကြောင်း ဇွန် ၁၂ရက် ထုတ် ရန်ကုန်အခြေစိုက် Weekly Eleven ဂျာနယ်၌ ရေးသားထားသည်။
“ကိုယ်ပိုင်ဂြိုဟ်တု မရှိတဲ့အတွက် sky net အပါအဝင် ကျနော်တို့ တိုင်းပြည်အနေနဲ့ တနှစ်ကို အမေရိကန် ဒေါ်လာ ၁၅ သန်းလောက် ကုန်နေတယ်။ ကိုယ်ပိုင် ဂြိုဟ်တုတလုံးလွှတ်ရင် သန်း ၂ဝဝ လောက် ကုန်မှာ ဖြစ်တယ်။ ဒါကြောင့် ရေရှည် ဒီအတိုင်း ငှားသုံးနေမလား၊ ကိုယ်ပိုင် လွှင့်မလား အဖြေပေါ်ပါတယ်” ဟု ဦးတင့်လွင်ကို ကိုးကား၍ ဝီးကလီးအလဲဗင်းက ရေးသားသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးကလည်း နိုင်ငံပိုင်ဂြိုဟ်တု လွှင့်တင်နိုင်ပါကဆက်သွယ် ရေးနှင့် ရုပ်သံကဏ္ဍများ တိုးချဲ့ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် ရှိကြောင်း ပြောဆိုခဲ့သည်။
ထို့အပြင် မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးကဏ္ဍ တိုးချဲ့မှုအဖြစ် ၅ နှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃ဝချ ပေးမည့် အစီအစဉ်လည်း ပါရှိသည်ဟု ပြောဆိုခဲ့ကြသည်။