ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကုန်မည်ဟု အစောပိုင်းက မှန်းဆထား သော ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အခြေခံ အဆောက်အဦးများ ဆောက်လုပ်မည့် စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင် အကောင်အထည်ဖော် မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများကိုရှာဖွေလျက် ရှိသည်။
အီတာလျံ-ထိုင်းကုမ္ပဏီ (ITD) ဥက္ကဋ္ဌ Premchai Karnasuta ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ရေးသားထားရာတွင် “ကျနော်တို့အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း အသုံးစရိတ်တွေကို ဒီနှစ်ကုန်ပိုင်းမှာ အပြီး တွက်ချက်နိုင်မှာဖြစ်ပြီး လာမည့် ၂ဝ၁၂ ခုနှစ်မှ စတင် အကောင်အထည်မှာ ဖြစ်တယ်၊ နောင် ၂ဝ၁၅ ခုနှစ်မှာ အပြီးသတ်မှာ ဖြစ်ပါတယ်” ဟု ပါရှိသည်။
ယခုအချိန်ထိ ရင်းနှီးမြှုပ်နှံသူ ၁ဝ ခုကျော်က စိတ်ဝင်စားနေသည်ဟု Premchai Karnasuta ပြောလိုက်ပြီး ITD က ရာနှုန်းပြည့် ရထားသည့် အနက်မှ ယခုနှစ်ကုန်တွင် ၄၉ ရာခိုင်နှုန်းအထိရောင်းထုတ် နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ဘန်ကောက်စ်ပို့တွင် ပါရှိသည်။
ထားဝယ်တွင် ရေနက်ဆိပ်ကမ်း တခုနှင့် ဆက်ဆိုင်နေသော အခြေခံ အဆောက်အဦးများ ဆောက်ရန် ITD က ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီလိမိတက်ဟု ဌာနတခု တည်ထောင်ထားသည်။
ကားလမ်း၊ ရထားလမ်းများနှင့် ဆိပ်ကမ်းတခုအတွက် အမေရိကန် ဒေါ်လာ ၄ ဘီလီလျံနှင့် စက်မှုဇုန်အတွင်း အခြားသော အခြေခံ အဆောက်အဦး တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၄ ဘီလီလျံ အသုံးပြုမည်ဟု ကုမ္ပဏီက ကနဦး မျှော်မှန်းထားသည်။ သို့သော် ကုန်ကျစားရိတ် လျော့နည်းသွားနိုင်သည်ဟု ကုမ္ပဏီက ယခုအခါ ပြောလာသည်။ ဖွံ့ဖြိုးရေးစီမံကိန်း အကျယ်အဝန်းက ၂၅ဝ စတုရန်း ကီလိုမီတာ ရှိသည်။
၁ဝ နှစ်ကြာမည့် စီမံကိန်း အကောင်အထည် ဖော်ရန် သဘောတူညီချက်ကို မြန်မာအစိုးရနှင့် နိုဝင်ဘာလ ဆန်းပိုင်းတွင် သဘောတူ စာချုပ်ချုပ် ဆိုထားသည်။
ရေနက်ဆိပ်ကမ်း တည်ဆောက်မှုတွင် သင်္ဘောကျင်းများနှင့် ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများ၊ သံမဏိ စက်ရုံတခု၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံတခု၊ ရေနံဓာတုစက်ရုံများ၊ ရေနံချက် စက်ရုံတခု၊ ကားလမ်းနှင့် ထားဝယ်မှသည် ဘန်ကောက်သို့ ပေါက်သော ရထားလမ်းဆက်ကြောင်းနှင့် လောင်စာဆီ ပိုက်လိုင်းတခု သွယ်တန်းရေးတို့ ပါဝင်သည်။
စီမံကိန်းက ဆင်းရဲသော မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာနိုင်လိမ့်မည်ဟု ယုံကြည်နေမှုများလည်း ရှိသလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် စက်ရုံများ လာရောက်လည်ပတ်မှုကို ရင်ဆိုင်ရနိုင်ပြီး ထောင်နှင့်ချီသော လူအများကို အဓမ္မ ရွှေ့ပြောင်းစေမှုများ ဖြစ်စေနိုင်သည်ဆိုသော စိုးရိမ်မှုများကိုလည်း ပေါ်ပေါက်စေသည်။
ထိုင်းနိုင်ငံအတွက်တွင် အမှန်တကယ်ပင် အကျိုးဖြစ်ထွန်းနိုင်သည်ဟု အေအက်ဖ်ပီ သတင်းတရပ်တွင်
ရေးသားထားသည်။
ထိုင်းနိုင်ငံမှ အနောက်နိုင်ငံများသို့ ပို့ဆောင်သော ကုန်စည်များမှ လက်ရှိအချိန်တွင် ထိုင်းပင်လယ်ကွေ့၊ စင်္ကာပူအနီးနှင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းသယ်ယူနေရသည်။ ထားဝယ် စီမံကိန်းအပြီးတွင် ကားလမ်းတလမ်းနှင့် ရထားလမ်းဆက်ကြောင်းမှ ထားဝယ်သို့ ပို့ဆောင်နိုင်သဖြင့် စားရိတ်သက်သာသွားမှာ ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းများကို အရှေ့တောင်အာရှသို့ သယ်ရာတွင် လမ်းတိုသွားနိုင်သည်ဟု အီတာထိုင်းကုမ္ပဏီ၏ တင်ပြချက်ကို ကိုးကား၍ အေအက်ဖ်ပီက ရေးသားထားသည်။