ချင်းမိုင် (မဇ္စျိမ) ။ ။ ဆွေးမြေ့နေသည့် လျှပ်စစ်မီးကြိုး ပြတ်ကျသဖြင့် ၁ဝ နှစ်သား အရွယ် ကျောင်းသားငယ်တဦး ဓာတ်လိုက် သေဆုံးမှု ပဲခူးမြို့၌ ဗုဒ္ဒဟူးနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။
ပဲခူးမြို့လယ် နာရီစင်အနီး သနပင်နှင့် တောင်ငူ လမ်းစုံရှိ သဇင် စာအုပ်ဆိုင်ရှေ့၌ ဇွန်လ ၈ ရက် ညနေ ၆ နာရီခန့်တွင် မိုးဖွဲများ ကျနေစဉ် လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျလာပြီး၊ လမ်းကူးနေသည့် ကျောင်းသားတဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်သည်။
“တကယ်စိတ်မကောင်းစရာ။ အသက်က ဒီကလေးက ၁ဝ နှစ်။ လမ်းလျှောက်နေရင်းနဲ့ အဲဒီမှာဓာတ်ကြိုး က လျပ်တပြက် ပြုတ်ကျတာ။ ကိုယ်တို့က ကားနဲ့ လာတဲ့အခါ ကားတွေက ပိတ်ဆို့နေလို့ မိုးရွာတဲ့ကြား ထဲက သွားကြည့်တော့ ဓာတ်လိုက်နေတာ ငုတ်တုတ်ပဲကွာ။ ကလေးက သေနေတာ ကျောင်းစိမ်းလေးနဲ့” ဟု မျက်မြင်တွေ့ရှိခဲ့သူ တဦးက မဇ္စျိမကို ပြောသည်။
ပဲခူးမြို့ လမ်းဘေးဓာတ်တိုင်များရှိ လျှပ်စစ်ကြိုးများမှာ သစ်ပင်များနှင့် ရောထွေးနေခြင်း၊ ကြိုးသစ်မလဲဘဲ နှစ်ပေါင်းများစွာ အသုံးပြုထားခြင်းတို့ကြောင့် စိုးရိမ်စရာကောင်းကြောင်း မြို့ခံများက ပြောသည်။
“အခုကြိုးတွေက ကားကြီးတွေနဲ့ဆို သိပ်မလွတ်ချင်ဘူးကွ။ တို့မြို့က မီးကြိုးတွေက နိမ့်နိမ့်လေးတွေ။ ပြီးတော့ အဟောင်းတွေချည်းပဲ။ မိုးနဲ့လေနဲ့ ရောပြီးဝင်ရင် မလွယ်ဘူး။ လျှပ်စစ်ရုံးကလည်း မီးဖိုးသာ ပုံမှန်ကောက်နေတာ၊ ဒါတွေကျ ပြုပြင်ရကောင်းမှန်း မသိဘူးကွ။ ကြိုးပြတ်ကျပြီးဓာတ်လိုက်သေတယ် ဆိုတာ မဖြစ်သင့်တဲ့ကိစ္စ” ဟု မြို့ခံက ပြောသည်။