စစ်ဘက် အရာရှိနှင့် အချင်းများမှု လူငယ်တဦး ဒဏ်ရာရ

စစ်ဘက် အရာရှိနှင့် အချင်းများမှု လူငယ်တဦး ဒဏ်ရာရ
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။       ။ ရန်ကုန်တိုင်း မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ စားသောက်ဆိုင်တဆိုင်၌ စစ်ဘက် အရာရှိတဦး ပါဝင် ပတ်သက်သော အချင်းများမှု တခုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦး ဒဏ်ရာရသွားသည်။

တာမွေမြို့နယ်နေ အသက် ၂၈ နှစ်အရွယ်ရှိ အန်အယ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ကိုစိုးမြတ်သူနှင့် သူ၏ သူငယ်ချင်း နှစ်ဦးသည် ဇွန်လ ၄ ရက် ည ၈ နာရီခန့်၌ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အေးရှားလိုက် စားသောက် ဆိုင်၌ စားသောက်စဉ် အခြားဝိုင်းတဝိုင်းတွင် ဗိုလ်ကြီးအဆင့် ရှိသူတဦးနှင့် အငြိမ်းစားဗိုလ်ကြီး တဦး၊အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတဦးတို့ စားသောက်နေခဲ့သည်။

“ ဗိုလ်ကြီးတယောက် ထပြီးတော့ တဆိုင်လုံးကို စိန်ခေါ်တယ်လို့ ပြောတယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ် သွားတော့ ကျနော်တို့လူငယ်က အပြင်ကို ထွက်ဖို့ ကြိုးစားတဲ့ အချိန်မှာ သူ့ကို လူမှားထိုးတာပဲ” ဟု အခြားသော အန်အယ်ဒီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။

ဓားထိုးသူဟု စွပ်စွဲခံရသူ ကိုဝင်းကိုလှိုင် ဆိုသူမှာ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အဖမ်းခံနေရသဖြင့်အသေး စိတ် သိရှိရန် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်သည်။

ကိုစိုးမြတ်သူ ကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့် တိုင်ကြားခဲ့ပြီးမှ ရန်ကုန် ဆေးရုံကြီးသို့ ကုသမှု ခံယူခဲ့သည်။ ကိုဝင်းကိုလှိုင်မှာ တောင်ဥက္ကလာအခြေစိုက် ခမရ ၄၃၅ မှ ဗိုလ်ကြီးနေတိုးရွှေနှင့် ဗိုလ်ကြီးဟောင်း ညီညီမင်းတို့အတူ စားသောက်နေခဲ့ခြင်း ဖြစ်သည်ဟု ဦးကြည်တိုးက ပြောသည်။

“အဆုတ်ကို ချွန်ထက်တဲ့အရာနဲ့ အထိုးခံလိုက်ရတာ။ Internal bleeding လို့ ခေါ်တဲ့ အတွင်းသွေးယိုစီးမှု ဖြစ်နေတယ်။ ဆရာဝန်တွေတော့ အနီးကပ် စောင့်ကြပ်မှုအောက်မှာ ရှိနေသေးတယ်” ဟု ဦးကြည်တိုးက မဇ္စျိမကို ပြောသည်။

ကိုဝင်းကိုလှိုင်ကလည်း ရဲစခန်းတွင် ကိုစိုးမြတ်သူအပေါ် အမှု ပြန်လည်ဖွင့်ထားသည်။

Most read this week