ငွေလိုတဲ့ DKBA ကားပိုင်ရှင်တွေထံက တောင်း

ငွေလိုတဲ့ DKBA ကားပိုင်ရှင်တွေထံက တောင်း
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။        ။ လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက်ဆိုကာ တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော် DKBA က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းခရီး သည်တင် ကားပိုင်ရှင် များထံမှ ဗုဒ္ဓဟူးနေ့ ညနေ တွင် ငွေကြေး တောင်းခံခဲ့ကြောင်း တပ်မှူးများက ဝန်ခံ ပြောကြားသည်။

“ကျနော်တို့အတွက် စစ်သုံး လက်နက်ခဲယမ်းတွေ ဝယ်ဖို့အတွက်လိုလို့ ကားသမားတွေဆီက အကူအညီ တောင်းတာပါ။ သူတို့ နားလည် သဘောပေါက်အောင် ရှင်းပြပြီး တောင်းတာပါ။ ကျနော်တို့က ကားတစီးကို ၁ သိန်းတော့ တောင်းတယ်။ တချို့တော့ ရတယ်။ တချို့က အဆင်မပြေလို့ မရဘူး” ဟု DKBAကလို့ထူးဘော ဗျူဟာ (၁) ၊ အမှတ် ၉ဝ၇ ဒုရင်းမှူး ဗိုလ်မှူးကော့ဒိုစိုးက မဇ္စျိမကို ပြောသည်။

ခရီးသည်များ အပြောအရ အင်အား ၁၀၀ ခန့်ရှိ DKBA တပ်ဖွဲ့ဝင်များက ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်တွင် ညနေ ၃ နာရီကျော်မှ စ၍ နှစ်နာရီကြာ လမ်းကို ပိတ်ဆို့ထားလိုက်ပြီး ဆက်ကြေးတောင်းခြင်း ဖြစ်သည်။ ငွေတောင်းခံသူများမှာ  အစိမ်းရောင် ပြောက်ကျားဝတ်စုံများ ဝတ်ဆင်ထားပြီး၊ မောင်းပြန်ရိုင်ဖယ်များ ဗုံးသီး များ ကိုင်ဆောင်ထားသည်ဟု ဆိုသည်။

DKBAarmyမော်တော်ယာဉ် ပိုင်ရှင်များ ပြောကြားရာတွင် DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင် ဦးစီးသည်ဟု ဆိုသည်။

မှန်လုံကား တစီးလျှင် ကျပ်ငွေ ၂ သိန်း၊ ဟိုင်းလတ်ကား တစီးလျှင် ၁ သိန်းနှင့် ဆိုင်ကယ် တစီးလျှင် ၁ သောင်းစီ တောင်းခံခဲ့ပြီး၊ ခရီးသည်များထံမှ တောင်းခံခြင်း မရှိဟု မြဝတီမှ မော်လမြိုင်သို့ ပြေးဆွဲနေသည့် ယာဉ်မောင်းတဦးက ပြောသည်။

“သူပုန်တွေ တောင်းတဲ့အတိုင်း ကားသမား အများစုက မပေးနိုင်ကြဘူးဗျ။ ဒါပေမဲ့ ပေးနိုင်သလောက် ပေးလည်း သူတို့က ပြဿနာရှာတာတော့ မရှိပါဘူး။ ခရီးသည်တွေဆီကတော့ ဘာမှ မတောင်းဘူး။ အစိုးရကို မကြိုက်ရတဲ့ အကြောင်းအရင်းကိုတော့ သူတို့က တရားဟောသွားတယ်” ဟု ယာဉ်ပိုင်ရှင်က မဇ္စျိမကို ပြောသည်။

အခင်းဖြစ်စဉ် နေရာနှင့် တမိုင်ခန့်အကွာတွင် အစိုးရတပ်များဖြစ်သည့် ခလရ ၅၄၇ နှင့် ၂၃၀ ရှိနေပြီး၊ ဝင် ရောက် ဟန့်တားခြင်း မရှိဘဲ ည ရ နာရီခန့်တွင် ၆၀ မမ လက်နက်ကြီးများဖြင့် ၉ ကြိမ် ပစ်ခတ်ခဲ့ပြီးနောက် DKBA တပ်ဖွဲ့များ နောက်ကြောင်း ဆုတ်သွားခဲ့သည်။

“အခုလို လုပ်လိုက်တာဟာ ပြည်သူလူထုကို မင်းတို့ စစ်တပ်က ဘယ်လောက်လုံခြံုမှု ပေးနိုင်သလဲ ဆိုတာရယ်၊ ငါတို့ လုပ်မယ်ဆိုရင် ဘယ်နေရာမဆို အချိန်မရွေး လုပ်လို့ရတယ် ဆိုတာကို စစ်တပ်ကို လုပ်ပြလိုက်တာ” ဟု DKBA ဗိုလ်မှူး ကော့ဒိုစိုးက ပြောသည်။

ဆက်ကြေး ကောက်ခံခြင်း ဆိုသော စကားရပ်အစား သူက တော်လှန်ရေးအတွက် အလှူငွေဟု အသားပေး ပြောသွားသည်။

ယင်းအစီအစဉ်တွင် လိုက်ပါခဲ့သည့် ဗိုလ်မှူးစောဆန်းအောင်၏ လက်ရင်းတပည့် အရာရှိ တဦးကမူ “အဓိက တော့ စစ်တပ်က ကျနော်တို့ နယ်မြေတွေကို စိုးမိုးသထက် စိုးမိုးနိုင်အောင် လုပ်လာတယ်။ ထိုင်းနဲ့ စီးပွားရေး ဆက်သွယ်မှုမှာလည်း ဒီလမ်းကြောင်းကနေ ကျနော်တို့ကို စင်ထွက်သွားအောင် လုပ်လာနေလို့ ကျနော်တို့က အခုလိုလုပ်တာ” ဟု မဇ္စျိမကို ပြောသည်။

မြဝတီ-ကော့ကရိတ် လမ်းကြောင်းပေါ်တွင် KNU၊ နှင့် DKBA ပူးပေါင်းတပ်များနှင့် စစ်အစိုးရတပ်များအကြား မေလလယ်ပိုင်းမှစ၍ မကြာခဏ တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် ယင်းလမ်းကြောင်းတွင် ခရီးသည်များ အသွားအလာ နည်းပါးလာကြောင်း မြဝတီမြို့ရှိ ကားလက်မှတ် အရောင်းဌာနများကလည်း မဇ္စျိမကို ပြောသည်။

အလားတူ မြဝတီမြို့ပေါ်ရှိ စျေးများ၊ စားသောက်ဆိုင်များနှင့် လူသုံးကုန် အဝတ်အထည် ဆိုင်များသည်လည်း ရောင်းဝယ်မှု အေးစက်လာခဲ့ကြောင်း မြို့ခံစျေးသည်များက ပြောသည်။