ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးစဉ် လုံခြံုရေးအတွက်ဦးသိန်းစိန် အစိုးရ စောင့် ရှောက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဒုတိယမြောက် တိုင်းနှင့် ပြည်နယ် လူငယ်ထ ုအစည်း အဝေးက ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံလိုက်သည်။
ရန်ကုန် ပါတီရုံးချုပ်တွင် ဒုဥက္ကဋ္ဌဖြစ်သူ စစ်ဦးစီးချုပ်ဟောင်းဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ကာ၊ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်ဦးအုန်းကြိုင်နှင့် ပြည်နယ်နှင့် တိုင်းများမှ NLD လူငယ် ၄ဝ ခန့် တက် ရောက် သည့် ဗုဒ္ဓဟူးနေ့ အစည်းအဝေးက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"ကျနော်တို့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာခင်မှာ ခရီးစဉ်တွေ ထွက်မယ်လေ။ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်တဲ့အခါမှာ နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းများ ပြည် ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အပါအဝင် ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်းပါဝင် စောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း ဆုံးဖြတ်ပါတယ်" ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်က မဇ္စျိမကို ပြောသည်။
မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က မကြာခင် နယ်ခရီးထွက်မည်ဟု ပြောခဲ့ပြီး နောက် ခရီးစဉ်အတွင်း လုံခြံုရေးနှင့် ပတ်သက်၍ လူငယ်များက ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"ကျနော်တို့လူငယ်တွေအနေနဲ့လည်း ပြည်နယ်တခု တိုင်းတခု သွားမယ်ဆိုရင် ဆင့်ကဲဆင့်ကဲပေါ့၊ဘယ်သူကို ဘယ်နေရာမှာ သုံးမယ်၊ သုံးရင်လည်း ဘာတာဝန် ဘာတာဝန်ပေါ့နော်၊ ဒါမျိုးလေးတွေပြင်ဆင်ထားဖို့ ဆွေးနွေးတယ်။ လူကြီးတွေကတော့ ကြာပြီ၊ ပြင်ဆင်နေကြတာ" ဟု ကိုမျိုးညွန့်က ပြောသည်။
သူက ဆက်ပြီး "လုံခြံုရေးကတော့ ဘဘဦးတင်ဦးတို့၊ ဦးဝင်းထိန်တို့ လုပ်ရမယ့်အပိုင်းတွေပါ။ ဒါတွေကိုလည်း လူကြီးတွေ ပြင်ဆင်နေပါတယ်။ လုံခြံုရေးအရ လျှို့ဝှက်ထားသင့်တဲ့အရာပေါ့။ ဒါပေမဲ့ ထွက်တဲ့အခါမှာ ဘယ် လို လုပ်သင့်တယ်၊ ဘာလုပ်ရမယ်ဆိုတာကိုလုံခြံုရေးကို စေ့စေ့စပ်စပ် လုပ်နေတယ်ဆိုတာ ကျနော်တို့ကို ပြောပါတယ်" ဟု ဆိုသည်။
အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ခွင့်ယူထားပြီး၊ CEC အဖွဲ့ဝင်ဦးဝင်းတင်မှာ ကျန်းမာရေး အခြေအနေအရ အနားယူနေရသဖြင့် လူငယ်အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိပါ။