NLD လူငယ် ထောင်တွင်း ဆန္ဒပြမည်

NLD လူငယ် ထောင်တွင်း ဆန္ဒပြမည်
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။        ။ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေး အပါအဝင် တောင်းဆိုချက် ၃ ချက်ဖြင့် မေ ၃ဝ ရက်မှစ၍ အစာငတ်ခံဆန္ဒပြသွား မည်ဟု စစ်ကိုင်းတိုင်း ခန္တီးထောင်တွင်အကျဉ်းကျ နေသည့် ဘိုကလေးမြို့နယ် NLD လူငယ်ကိုနေဝင် းစိုးက ပြောဆိုကြောင်း မကြာသေးခင်က ယင်းထောင်မှပြန်လွတ် လာသည့် ပါတီတူ လူငယ်ကိုစိုင်း မင်းသိန်းက ပြောသည်။

တောင်းဆိုချက် ၄ ချက်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရန် ဖော်ဆောင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တန်းတူညီတူ နွေးဆွေးညှိနှိုင်းရေးတို့ ဖြစ်သည်။

ပြန်ပြောပြသူ ၃ဝ နှစ်အရွယ် ကိုစိုင်းမင်းသိန်းသည် တိုက်ကြီးမြို့နယ် NLD လူငယ်တဦးဖြစ်ကာ လောင်စာဆီ ကျဆင်းရေးအတွက် ၂ဝဝ၇ ခုနှစ်ထဲတွင် ရန်ကုန်၌ လမ်းလျှောက်ဆန္ဒပြသဖြင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် အခြားပုဒ်မများဖြင့် ထောင်ဒဏ် ၄ နှစ်ခွဲကျခံရမှ မကြာသေးခင်က သမ္မတဦးသိန်းစိန်၏ လျှော့ပေါ့ပြစ်ဒဏ်ဖြင့် ပြန်လွတ်လာခဲ့သည်။

“ဒီနေ့ ဒီပဲယင်းနေ့မှ စပြီးတော့ အစာငတ်ခံ ဆန္ဒပြမယ်လို့ ကျနော့်ကို ကြိုပြီး ပြောပြလိုက်တာခင်ဗျ။ ပထမတချက်က စစ်မှန်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး၊ ဒုတိယအချက်က အမျိုးသား ပြန်လည်ရင့်ကြားစေမှု ဖော်ဆောင်ရေး၊ တတိယအချက်က ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်နက်ချခြင်း၊ အလင်းဝင်ခြင်းမျိုး မဟုတ်ဘဲနဲ့ တန်းတူ ညီတူဆက်စပ် ညှိနှိုင်းဖော်ဆောင်ရေး ဆိုတဲ့အချက် ၃ ချက်အတွက် တောင်းဆိုထားတယ်ခင်ဗျ” ဟု ကိုစိုင်းမင်းသိန်းက မဇ္စျိမကို ပြောသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကုကသကဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများကို ခန္တီးထောင်သို့လာ ရောက်ရန် အကျဉ်းကျခံ အသက် ၂၇ နှစ်အရွယ် ကိုနေဝင်းစိုးက ဖိတ်ခေါ်ကြောင်းပါ သူက ပြောပြသည်။

ခန္တီးထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိရာ ၄ ဦးမှာ ကျန်းမာရေးအရ အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နေပြီး၊ လောင်စာဆီစျေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သူ ရန်ကုန်အခြေစိုက် MDC ခေါ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့ဝင် ကိုထင်ကျော်ကို လိပ်ခေါင်းရောဂါ ခံစားနေရသည်ဟု ကိုစိုင်းမင်းသိန်းက ဆိုသည်။

ခန္တီးထောင်တွင် ဦးပါကာလ (ခ) ဇော်မျိုးနိုင်၊ ကိုသန့်ဇော်မြင့်၊ ကိုမျိုးမြင့်ဝေ၊ ကိုဝင်းမြင့်မောင် ခေါ် ပဲပြုတ်၊ ဦးမောင်မောင်စိန်၊ ကိုနေဝင်းစိုး၊ ကိုထင်ကျော်၊ ကိုတင်ထူးအောင်၊ ကိုထင်အောင်၊ ကိုကျော်မိုးဦး၊ကိုခင် မောင်ချို ခေါ် ကိုဖိုးတုတ်၊ ဦးငြိမ်းမောင်၊ ဦးညီပု(မုံုရွာ)၊ သားဖြစ်သူ ကိုကျော်ကြီး၊ လူ့အခွင့်အရေးလှုပ်ရှား သူ မစုစုနွေးနှင့် မထားထားသက် စသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေသေးသည်။

မစုစုနွေးသည် မကြာခဏ ဆိုသလို နှလုံးရောဂါ ဝေဒနာခံစားနေရသဖြင့် မိသားစုနှင့် နီးစပ်သည့်အကျဉ်း ထောင်သို့ ပြောင်းရွှေ့စေလိုကြောင်း ကိုစိုင်းမင်းသိန်းက ပြောသည်။

ခန္တီးထောင်သည် မြို့နှင့် ၃ မိုင်ခန့်အကွာတွင်ရှိပြီး မိုးရာသီတွင် ကုန်းလမ်းခရီးနှင့် သွားလာရ ခက်ခဲသော ကြောင့် ရေလမ်းကြောင်းမှ စက်လှေဖြင့် သွားလာရကာ အရေးပေါ် ဆေးကုသမှု လိုအပ်လာပါက အချိန်မီ မကုသနိုင်သဖြင့် သေဆုံးသွားသည့် သာမန်အကျဉ်းသားများလည်း ရှိသည်ဟု ဆိုသည်။