ချင်းမိုင် (မဇ္ဈိမ) ။ ။ အများမျှော်လင့်ထား သလို နိုင်ငံရေးအကျဉ်းသား အစုလိုက် အပြံုလိုက် လွှတ်ပေးခြင်း မဟုတ်ပဲ သမ္မတဦးသိန်းစိန် အစိုးရ သစ်က ထောင်ဒဏ်ကျခံနေရသူ အားလုံးကို ထောင်ဒဏ် ၁ နှစ်လျှော့ပေးလိုက်သည်။
စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား တနင်္လာနေ့ ညနေ သတင်းတွင် ကဆုန်လပြည့်နေ့မှစ၍ သေဒဏ်ကျနေသူ များကို တသက်တကျွန်းဒဏ် ပြောင်းပေးခြင်းနှင့် ကျန်အကျဉ်းသားအားလုံးကို တနှစ်လျှော့ပေ့ါပေးမည်ဟု သတင်းတို ပါရှိသည်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ကို လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်မှုများကို ယခုကြေညာချက်က အားယုတ် သွားစေသည်။
“ဒါက လွတ်ငြိမ်းချမ်းသာခွင့်မှ မဟုတ်ဘဲ၊ လျှော့ပေါ့ပေးလိုက်တာဘဲ။ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ပြောဆိုနေတာတွေနဲ့တော့ ဘာမှ အဝေးကြီးကို ဖြစ်နေပါတယ်လို့ ကျနော် ခံစားမိပါတယ်” ဟု အဓိက အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြေသည်။
ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကလည်း သေဒဏ်ကျနေသူများကိုတသက် တကျွန်း ဒဏ်ပြောင်းပေးခြင်းများ ပြုလုပ်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးအကြံပေးတဦးဖြစ်သော စစ်မှုထမ်းဟောင်း ဒေါက်တာနေဇင်လတ်က မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။