ရထားပေါ် လက်တော့ပ်သယ်ရင် တန်ဆာခ မလိုတော့

ရထားပေါ် လက်တော့ပ်သယ်ရင် တန်ဆာခ မလိုတော့
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ) ။      ။ မီးရထားပေါ် လက်တော့ပ် ကွန်ပြူတာ သယ်ဆောင်ပါက ယခင်လို တန်ဆာခ ပေးဆောင် စရာ မလိုတော့ကြောင်း မြန်မာ့မီးရထား ဝန်ကြီးဌာနက ထုတ်ပြန်သည်ဟု နေပြည်တော် မီးရထား ရုံပိုင်ချုပ်ကြီး ဦးအောင်ခင် ပြောသည်။

မီးရထားပေါ် ခရီးဆောင် လက်တော့ပ် သယ်မှုကို လက်မှတ်စစ်က ဒဏ်ရိုက်ကြောင်း မဇ္ဈိမက သတင်းထုတ်ပြန်ခဲ့ အပြီး မီးရထားဝန်ကြီးဌာန အကြီးအကဲများ စည်းဝေးပြီးနောက် ဝန်ကြီးဌာန အောက်ရှိ ဌာနများကို ဧပြီလ ၂၈ ရက်နေ့တွင် နှုတ်မိန့်ဖြင့် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

Tat-Kon-train-station

“ကျနော့်ကိုတော့ ၂၈ ရက်နေ့ ၁၄ နာရီ ၁၅ မှာ နှုတ်မိန့်နဲ့ ဖုန်းနဲ့တဆင့် ပြောလာတာပါ။ ကျနော့်လက်အောက်ခံ လက်မှတ်စစ်တွေ အပါအဝင် အဖွဲ့တွေကို ဒဏ်မရိုက်နဲ့၊ တန်ဆာတွေ မလုပ်နဲ့၊ သယ်ခွင့်ပေးလိုက်ပါ ဆိုပြီးတော့ ကျနော်တို့ကို အဲလိုညွှန်ကြားပါတယ်” ဟု ဦးအောင်ခင်က မဇ္စျိမကို ပြောသည်။

လက်တော့ပ်ကို တန်ဆာခ မပေးဘဲ သယ်ဆောင်လျှင် မီးရထားဝန်ထမ်းများက ဒဏ်ရိုက်မည့်အကြောင်း ဧပြီ်လ ၂၂ ရက်နေ့တွင် မဇ္စျိမက သတင်းထုတ်ခဲ့သည်။ သတင်းထုတ်ပြီး ၆ ရက်မြောက်တွင် ဝန်ကြီးဌာနက ပြောင်းလဲ ဆုံးဖြတ်မှု ဖြစ်သည်။

“ဝန်ကြီးဌာနကလည်း ကျနော့်ကို မေးပါတယ်။ အဲဒီလက်တော့ပ်ကို ဒဏ်ရိုက်တာနဲ့ ပတ်သက်ပြီး ပြည်ပက အင်တာနက် သတင်းမှာ ပါလာတယ်ဆိုပြီးတော့ ဒီမှာ တော်တော်လေး ဂယက်ရိုက်သွားတယ်” ဟု ဦးအောင်ခင်က ဆိုသည်။

ယခုခွင့်ပြုချက်သည် ကိုယ်ပိုင်သုံးပစ္စည်းကိုသာ ခွင့်ပြုခြင်းဖြစ်ပြီး ရောင်းဝယ်ရန်အဖြစ် သယ်ဆောင်မှုများကို ဘူတာရှိ တန်ဆာဆောင်ဌာနတွင် တန်ဆာခ ပေးဆောင်ရမည်ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေး စီးပွားရေး ဌာနက တာဝန်ရှိသူတဦးကလည်း ပြောသည်။

“အခု ခွင့်ပြုတယ်ဆိုတာတွေဟာ Personal Use အတွက်ကိုသာ ခွင့်ပြုပေးခြင်းသာ ဖြစ်ပါတယ်။ အရောင်းအဝယ် ပြုလုပ်ဖို့ များများစားစား သယ်ဆောင်တာကိုတော့ တန်ဆာဆောင်ရမှာပါ။ ဒါကတော့ ထုံးစံအတိုင်းပါပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

မမ ဟု လူသိများသော မြန်မာ့မီးရထားဌာနက ၁၉၉၉ ခုနှစ်ခန့်မှစ၍ ညွှန်ကြားချက် ပြဋ္ဌာန်းကာ အခွန်ဆောင်စေခဲ့ ခြင်း ဖြစ်သည်။

ဧပြီလဆန်းပိုင်းတွင် လက်ပ်တော့ ကွန်ပြူတာ သယ်သဖြင့် လက်နှိပ်စက်နှုန်းထားအတိုင်း ဒဏ်ရိုက်ခံခဲ့ရသူ တဦးက ဒဏ်ငွေ ကျပ် ၂၁ဝဝ ပေးဆောင်ခဲ့ရသော ပြေစာကို မကြာသေးခင်က Facebook ပေါ် တင်ခဲ့ရာ လူအများအကြား မြန်မာ့ရထား၏ စည်းမျဉ်းစည်းကမ်းကို အံ့သြကြသည်။

ထိုစဉ်က နေပြည်တော်အခြေစိုက် မြန်မာ့မီးရထား ပို့ဆောင်ရေးဌာန တာဝန်ရှိသူများက လက်တော့ပ်ကွန်ပြူတာများ ပါရှိက တန်ဆာလုပ်ရန် လိုအပ်ပြီး၊ မပြုလုပ်ပါက ဒဏ်ငွေ ၃ ဆ ပေးဆောင်ရမည်ဟု ပြောဆိုခဲ့သည်။ ယခု အသစ် ပြဋ္ဌာန်းချက်တွင် ပေးဆောင်စရာ မလိုတော့သဖြင့် လွတ်လပ်စွာ သယ်ယူနိုင်ပြီဖြစ်သည်။

ခရီးဆောင်အဖြစ် လက်တော့ပ်ကွန်ပြူတာ၊ ဓာတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာ၊ ရေဒီယို၊ ကက်ဆက် စသည်တို့ကို ဧပြီလ ၂၉ ရက်နေ့မှစပြီး လက်ဆွဲတန်ဆာ ဆောင်စရာမလိုတော့ဘဲ သယ်ယူခွင့်ပြုပြီးနောက် လက်မှတ်စစ်များ၊ ရထားဘူတာရုံ ဝန်ထမ်းများက အခွန်ဆောင်ခိုင်းပါက သက်ဆိုင်ရာ မီးရထားဌာနများသို့ တိုင်ကြားနိုင်မည်။

ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် မီးရထားဝန်ကြီးဌာန၌ ပထမဦးဆုံး အပြောင်းအလဲတခုဟု ရထား ပို့ဆောင်ရေး စီးပွားရေးဌာနကအရာထမ်းတဦးက ပြောဆိုကာ၊ လက်ရှိဖောက်လုပ်နေသည့် မီးရထားလမ်းများနှင့် ရထားဘူတာများမှာ စစ်အစိုးရဟောင်းလက်ထက် မပြီးပြတ်သေးမှုများသာ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ မီးရထား တန်ဆာခ နှုန်းထားအသစ်များကို တရားဝင် ပုံသေသတ်မှတ်ရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိ လူကြီးများအနေဖြင့် လွှတ်တော်မှတဆင့် တင်ပြသွားနိုင်ရန် စီစဉ်နေကြသည်။

လက်ရှိ လူစီးရထား ကုန်တင်နှုန်းမှာ တပိဿာလျင် ၃၆ ကျပ် ဖြစ်သွားသလို ကုန်တင်ရထား နှုန်းမှာ တပိဿာလျင် ၂၄ ကျပ်ဖြစ်သည်။