နယူးဒေလီ (မဇ္စျိမ)။ ။ နှစ်နိုင်ငံ စစ်အရာ ရှိများ တက်ရောက်သည့် ၄၃ ကြိမ်မြောက် အိန္ဒိယ-မြန်မာ နယ်စပ် အစည်းအဝေးကို ကြာသပတေးနေ့တွင် စစ်ကိုင်းတိုင်းကလေးမြို့ ၌ ပြုလုပ်ခဲ့ကြသည်။
အိန္ဒိယ တောင်တန်းဒေသတိုင်း အမှတ် ၅၇ ဌာနချုပ်မှ Major General DS Hooda ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့နှင့် ကလေးမြို့အခြေစိုက် ဒကစ ၁ဝ မှ ဗိုလ်မှူးချုပ် အောင်ဆန်းချစ် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကာ မေလ ၂ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နယ်စပ်လုံခြံုရေးကိစ္စနှင့် နှစ်နိုင်ငံရှိ အစိုးရ ဆန့်ကျင်ရေး သူပုန်များ ထိန်းချုပ်ရေး အတွက် ဆွေးနွေးဖွယ် ရှိကြောင်း မဏိပူရ အခြေစိုက် သတင်းဌာနများတွင် ဖော်ပြပါရှိသည်။
ယခုအကြိမ်တွင် အိန္ဒိယစစ်တပ် Red Shield Division က မြန်မာစစ်တပ်ကို မြေထိုးစက် ကား ၂ စီးအား မြန်မာ နယ်စပ်မြို့ မိုးရေးတွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ဤပေးအပ်ပွဲကို အမှတ် ၃၁ အာသံရိုင်ဖယ်တပ်၌ ပြုလုပ်ခဲ့ပြီး အိန္ဒိယဘက်မှ Major General DS Hooda နှင့် မြန်မာဘက်မှ ဗိုလ်မှူးချုပ် အောင်ဆန်းချစ်နှင့် အရပ်ဘက်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဤသည်မှာ လမ်းဖောက်လုပ်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်း လာစေရန်နှင့် ဖော်ရွေသော ဆက်ဆံရေးကို ပြသလိုက်ခြင်းဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေးဌာန သတင်းထုတ်ပြန်ရေး ဗျူရို၏ ကြေညာချက်တွင်လည်း ဖော်ပြထားသည်။
လွန်ခဲ့သည့် ၂ဝ၁ဝ ခုနှစ် ဒီဇင်္ဘာလအတွင်းကလည်း အိန္ဒိယ အာသံရိုင်ဖယ်တပ်မှ ဒုဗိုလ်ချုပ်ကြီး NK Singh က မြေထိုးကား ၄ စီး၊ မြေညှိစက် ၂ စီး၊ Mahindra Bolero ကားငယ်တစီး၊ ဆိုင်ကယ် ၃ စီး၊ ကွန်ပြူတာ ၃ လုံး၊ ၆ ကီလိုဗို့ မီးစက်တလုံးနှင့် လမ်းလျှောက်စကားပြောစက် ၆ ခုအား အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလွင်ထံ ပေးအပ်ခဲ့ဖူးသည်။ ယခုတကြိမ်မှာ ၆ ကြိမ်မြောက် ကူညီခြင်းဖြစ်သည်။