စကတ်တိုဖြင့် ကစားမည်ဟု MBF ပြော

စကတ်တိုဖြင့် ကစားမည်ဟု MBF ပြော
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ) ။      ။ မြန်မာကြက်တောင် မယ်များအနေဖြင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ စည်းမျဉ်းသစ်အတိုင်း နိုင်ငံတကာ ပွဲစဉ်များ၌ စကတ်တိုဖြင့်ပင် ကစားသွားမည်ဟု မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်က ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် World Badminton Federation - WBF က စကတ်တို ဝတ်ဆင်ကစားရန် စည်းမျဉ်းသစ်ထုတ်ခဲ့သဖြင့် မြန်မာကြက်တောင်မယ်များလည်း ထိုစည်းမျဉ်းအရ ကစားမည်ဟု မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် Myanmar Badminton Federation – MBF က ပြောဆိုခြင်း ဖြစ်သည်။
 
“ကျနော်တို့နိုင်ငံမှာ အရင်ကတည်းက အမျိုးသမီးရော၊ အမျိုးသားရော ဘောင်းဘီတိုနဲ့ပဲ ကစားတာဆိုတော့ ဒီစည်းကမ်းအသစ်က ကျနော်တို့အတွက် ပြဿနာမရှိပါဘူး။ အဓိက-ကတော့ ကစားသမားအတွက် အဝတ်အစားက သက်တောင့်သက်သာ ဖြစ်ဖို့ပဲ အရေးကြီးတာပါ” ဟု MBF အတွင်းရေးမှူး ဦးရော်ဘင်တင်က မဇ္စျိမကို ပြောသည်။
 badminton
ယခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ စည်းမျဉ်းသစ်ကို အကောင်အထည်ဖော်မည်ဟု WBF ထုတ်ပြန်ချက်၌ ပါရှိသည်။
 
သို့သော် ယင်းထုတ်ပြန်ချက်သည် ပါကစ္စတန် အမျိုးသမီး ကစားသမားများအတွက် ဘာသာရေး တားမြစ် ချက်များနှင့် ဆန့်ကျင်နေသဖြင့် လက်ခံမည် မဟုတ်ကြောင်း ပါကစ္စတန် ကြက်တောင်အဖွဲ့ချုပ် Pakistan Badminton Federation - PBF ၏ ဒုဥက္ကဋ္ဌ ဆိုက် နကီ မိုစင် Syed Naqi Mohsin က ပြောဆိုကြောင်း ပါကစ္စတန်နိုင်ငံ Daily Time သတင်းစာတွင် ဖော်ပြထားသည်။
 
ပါကစ္စတန်၊ အီရန်နှင့် အစ္စလာမ်နိုင်ငံများမှ အားကစားမယ်များသည် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ၌ ဘောင်းဘီရှည် ဝတ်ဆင်၍ ကစားလေ့ရှိသည်။
 
“WBF ကလည်း ကစားသမားတွေအတွက် လွတ်လွတ်ကျွတ်ကျွတ် ကစားရအောင်ပဲ ရွေးချယ်တယ်လို့ မြင်ပါတယ်။ ကျနော်တို့မြန်မာတွေအတွက်တော့ ဒီဝတ်စုံဟာ ပြဿနာမဟုတ်ဘူးလို့ မြင်တယ်” ဟု ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က မဇ္စျိမကို ပြောသည်။
 
အင်္ဂလန်နိုင်ငံ၌ ၁၈၇၃ ခုနှစ်မှစ၍ ကစားလာခဲ့သည့် ကြက်တောင် အားကစားကို မြန်မာနိုင်ငံသို့ အင်္ဂလိပ်များ အုပ်ချုပ်စဉ်ကာလ ၁၉၁ဝ ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး၊ ၁၉၄၈ ခုနှစ်တွင် ကြက်တောင်အဖွဲ့ချုပ် တည်ထောင်ခဲ့သည်။
 
မြန်မာကြက်တောင်အဖွဲ့ လက်ရွေးစင် အသင်းအနေဖြင့် ၁၉၉၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် အရှေ့တောင်အာရှ ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆု ရရှိခဲ့သလို၊ ၂ဝဝ၅ ခုနှစ် အရှေ့တောင်အာရှ ပြိုင်ပွဲတွင် အသက် ၁၆ နှစ်အောက် ဝင်ရောက်ယှဉ်ပြိုင်ရာ တတိယ ကြေးတံဆိပ် ထပ်မံရရှိခဲ့သည်။
 
ယခုအခါ မြန်မာနိုင်ငံတဝှန်း ကြက်တောင်ကလပ်အသင်းပေါင်း ၈ဝ ကျော်ရှိပြီး၊ ကစားနေသူ ၃ဝဝဝ ခန့်ရှိကြောင်း ဦးရော်ဘင်တင်က ပြောသည်။ ထို့အတူ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံ၌ ကျင်းပမည့်အရှေ့ တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် ကြက်တောင်အဖွဲ့ချုပ်အနေဖြင့် ပြင်ဆင်နေသည်ဟု ဆိုသည်။