မြစ်ကြီးနားမှာ ပယင်း အဝယ်လိုက်

မြစ်ကြီးနားမှာ ပယင်း အဝယ်လိုက်
by -
ဆိုင်းဆွတ်

မြစ်ကြီးနား (မဇ္စျိမ) ။      ။ မြန်မာနိုင်ငံရှိ ရတနာ ၉ ပါးထဲမှ တပါးဖြစ်သော တွင်းထွက်ပစ္စည်း ပယင်းကို ကချင်ပြည်နယ်တွင် တရုတ်လူမျိုး များက စျေးကောင်းပေးပြီး ဝယ်ယူနေကြောင်း စုံစမ်းသိရှိရသည်။

payin
 ကချင်ပြည်နယ်တွင် ကျောက်စိမ်း၊ စလင်းနှင့် ပယင်း စသည့် သတ္တုပစ္စည်းများ ထွက်ရှိရာကျောက်စိမ်း ကဲ့သို့ပင် ပယင်းမှာလည်း ယခုနှစ်အတွင်း လူကြိုက်များလာကာ အဝယ်လိုက်ခြင်း ဖြစ်သည်။
 
“ပိဿာနဲ့ ဝယ်တယ်။ တပတ်ကို ပိဿာ ၂ဝ လောက် ရောင်းရတယ်။ အများဆုံးက တရုတ်ပြည်က တရုတ်လူမျိုးတွေပဲ လာဝယ်ကြတယ်” ဟု မြစ်ကြီးနားရှိ ပယင်းရောင်းဝယ်သူ ကုန်သည်တဦးက မဇ္စျိမကို ပြောသည်။ တနိုင်းမြို့နယ်ထွက် ပယင်းကို ပန်းပု၊ ပုတီး၊ လက်ဝတ်ရတနာ၊ အဆောင်ပစ္စည်း၊ ကျန်းမာရေးအတွက် ဆေးဘက်ဝင် ကျောက်အဖြစ် အသုံးပြုသည်ဟု ဆိုသည်။
 
အရောင်များမှာ လိမ္မော်ကြည်၊ အဝါကြည်၊ ဒီဇယ်ခဲ၊ ဝက်ဆီဖတ်၊ ကြက်သွေး၊ ဖန်သား၊ ရွှေရောင် စသည်များ ဖြစ်ပြီး၊ ရွှေရောင်မှာ တန်ဖိုး အရှိဆုံး ဖြစ်သည်။
 
တရုတ်လူမျိုးများက ပယင်းကို ဆောင်ထားပါက နှလုံးသွေးလည်ပတ်မှု အားကောင်းပြီး စုန်း၊မကောင်း ဆိုးဝါးများ မကပ်စေရန် အဆောင်အနေဖြင့် ဝတ်ဆင်ထားကြသည်ဟု ပယင်းဝတ်ဆင်သူ အမျိုးသမီးကြီး တဦးက ပြောသည်။
 
အလှအပအဖြစ် ဝတ်ဆင်ထားသူ မြစ်ကြီးနားမြို့ခံတဦးကမူ “ကျမကတော့ အဆောင်သဘော Fancy ပုံစံလုပ်ပြီး ဝတ်တယ်။ ဆိုင်က Fancy တွေက လူတိုင်း ဝတ်နိုင်တယ်လေ။ ပယင်းက ဒီကချင်မှာပဲထွက်တယ် ဆိုတော့ လူတိုင်း မဝတ်နိုင်ဘူး” ဟု မဇ္စျိမကို ပြောသည်။
payin1
ပယင်းကို ကျောက်စိမ်းနှစ်သက်သည့် တရုတ်ပြည်က အဝယ်လိုက်သော်လည်း ကျောက်စိမ်းကဲ့သို့ စျေးမမြင့်ပေ။ အရည်အသွေးအပေါ် မူတည်ကာ၊ စျေးနှုန်း ကွာခြားမှုလည်း ရှိသည်။
 
ပယင်းကို ကချင်တိုင်းရင်းသားထဲမှ လီဆူလူမျိုးများက အများဆုံး တူးဖော်ပြီး၊ ယခင်က ကချင်တိုင်းရင်း အဖွားအိုများ နားတောင်းအဖြစ် ရတနာတပါး၊ ဆေးသဖွယ် ဝတ်ဆင်ခဲ့ကြသည်။
 
ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်များတွင် ပယင်းထွက်ပြီး၊ ကချင်ပြည်နယ်တွင် ဇွမ်ပရာဘွမ်၊ တနိုင်းမြို့နယ်၌ ထွက်ရှိသည်။

တနိုင်းမြို့နယ် နန်းကွမ်းရွာ၌ ထွက်ရှိသော ပယင်းမှာ အဆင့်မြင့်ဆုံးဟု လီဆူအမျိုးသား ပယင်းကုန်သည်က ပြောသည်။
 
နန်းကွမ်းရွာရှိ ပယင်းလုပ်ကွက်များကို ကျောက်စိမ်းသူဋ္ဌေး ကချင်အမျိုးသား ဦးခမိုင်တန် ပိုင်ဆိုင်သည့် Sea San Star ကုမ္ပဏီက လုပ်ပိုင်ခွင့်် ရရှိနေသည်။
payin2 
ဦးခမိုင်တန်သည် ကြံ့ခိုင်ဖွံ့ဖြိုရေးပါတီကို ကိုယ်စားပြုကာ ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနယ် ၂ တွင် ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သော်လည်း ပယ်ဖျက်ထားသည့် မဲဆန္ဒနယ် ဖြစ်သွားသဖြင့် ကြံ့ဖွံ့ပါတီဝင်အဖြစ် ရှိနေသည်။
 
ပယင်းတူးဖော်ရန် ကျင်းတကျင်းဝယ်လျှင် ကျပ်တသိန်း ဝန်းကျင်ဖြင့် ဝယ်ယူကြရပြီး၊ တကျင်းလျှင် ၄ ပေ ပတ်လည်နှင့် အမြင့် ရ ပေ အထိ တူးဖော်ရသည်။
 
ပယင်းသည် မီးရှို့လျှှင် အလွယ်တကူ လောင်ကျွမ်းနိုင်ပြီး၊ အိမ်နီးချင်း တရုတ်၊ ထိုင်းနှင့် တိဘက် နိုင်ငံများက အဓိက ဝယ်ယူသည်။

Most read this week