နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး သံလျင် လှုပ်ရှားမှု

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး သံလျင် လှုပ်ရှားမှု
by -
မဇ္ဈိမသတင်းဌာန

နယူးဒေလီ (မဇ္စျိမ) ။       ။နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်ရေး အပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှုကို ရန်ကုန်တိုင်း သံလျင်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် လူမှုကွန် ယက် အဖွဲ့ဝင်များက စနေနေ့တွင် ပြုလုပ်ခဲ့သည်။

သံလျင်မြို့ အမှုထမ်းရပ်ကွက်ရှိ NLD ပါတီဝင် ဦးလှသိန်း၏ နေအိမ်၌ ပြုလုပ်ခဲ့ပြီး၊ ကလေးသူငယ်များကို အာဟာရတိုက်ကျွေးမှု အစီအစဉ်လည်း ပါရှိသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကလေးများကို ဟောပြောခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ကဗျာများလည်း သင်ပြပေးခဲ့သည်။

သံလျင်တွင် ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုနှင့် အာဟာရ တိုက်ကျွေးမှု ရုပ်သံဖိုင်

ညနေပိုင်းတွင် ကျိုက်ခေါက်ဘုရား၌ ဇီဝိတဒါန ငါးလွှတ်ပွဲ ပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အတွက် ဆုတောင်းခဲ့ကြသေးသည်။
 
ယခုချိန်ထိ သံလျင်မြို့နယ်တွင် လက်မှတ်ပေါင်း ၅ဝဝ ကျော် ကောက်ခံရရှိပြီးပြီဟု သံလျင် NLD ဥက္ကဋ္ဌ ဦးစိုးဟန်က မဇ္စျိမကို ပြောပြသည်။ ဤလက်မှတ်ရေးထိုး တောင်းဆိုပန်ကြားလွှာများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံကာ၊ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သွားမည်။
 
ပန်ကြားလွှာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ရန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပါရှိသည်။
 
တောင်းဆိုချက်များအား မလိုက်လျောပါက ဥပဒေဘောင်အတွင်းမှ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးစိုးဟန်က ပြောသည်။