မိုးကြိုးအန္တရာယ် သတိပြုရန် ဒေါက်တာထွန်းလွင် ပြော

မိုးကြိုးအန္တရာယ် သတိပြုရန် ဒေါက်တာထွန်းလွင် ပြော
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ) ။      ။ မိုးတိမ်တောင်များ အားကောင်းလာသဖြင့် မြန်မာနိုင်ငံ ဒေသအချို့ နေရာကွက်ကြား မိုးထစ်ချုန်း ရွာသွန်းကာလေပြင်း တိုက်ခြင်းအပြင် မိုးကြိုးအန္တရာယ်ပါ သတိပြုရန် ရန်ကုန်ရှိ မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ပြောဆိုသည်။

တနင်္လာမနက် မိုးလေဝသ တိုင်းထွာချက်အရ ရန်ကုန်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ မွန်နှင့် ကရင်ပြည်နယ်မြောက်ပိုင်း တွင် နေရာကွက်ကာ မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိပြီး လေပြင်းနှင့်အတူ မိုးကြိုးများ ပါရှိနိုင်ကြောင်း သတိပေး ပြောဆိုခြင်း ဖြစ်သည်။
 
“အဓိက အန္တရာယ်တွေက သဲသဲမဲမဲ မိုးရွာတတ်တာရယ်။ မိုးရွာရင် လေပြင်းလည်း တိုက်တတ်တယ်။ အန္တရာယ် ရှိတာက မိုးကြိုးပစ်တတ်တာပဲ။ နောက်ပြီး မိုးသီးကြွေတာတို့၊ လေဆင်နှာမောင်းတိုက်တာတို့ ဖြစ်နိုင်တယ်” ဟု ဒေါက်တာထွန်းလွင်က မဇ္စျိမကို ပြောသည်။ မိုးတိမ်တောင်ကြောင့် ဖြစ်ပေါ်သည့် ထစ်ချုန်းမိုးများသည်ညနေပိုင်း တွင် အဖြစ်များပြီး မိုးခြိမ်းသံများ၊ လျှပ်စီးလက်ခြင်းများ တွေ့မြင်ရပါက  ရေကြောင်း၊ လေကြောင်းသွားလာရေး တွင် သတိရှိပါဟု ဆိုသည်။
 
ဧပြီလ ၂၆ ရက်၊ အင်္ဂါနေ့တွင်လည်း နေရာအနှံ့ မိုးရွာသွန်းနိုင်ပြီး မေလ ၃ ရက်နေ့အထိဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းမတွေ့ရကြောင်း ဒေါက်တာထွန်းလွင်၏ Myanmar Climate Change Watch (MCCW) အင်တာနက် စာမျက်နှာတွင် ရေးထားသည်။ နိုင်ငံတကာ မိုးလေဝသ အင်တာနက် စာမျက်နှာတွင်လည်း  ရန်ကုန်နှင့် အနီးတဝိုက် အင်္ဂါညနေပိုင်း၌ မိုးရွာရန်  ရ၂ ရာခိုင်နှုန်းရှိပြီး၊ နေ့အပူချိန် ၃၅  ဒီဂရီ စင်တီဂရိတ် ရှိကာ၊ ထစ်ချုန်းမိုးကြိုးများ ဖြစ်ပေါ်မည်ဟု ဖော်ပြထားသည်။
 
မြန်မာနိုင်ငံ မိုးကြိုကာလဖြစ်သော ဧပြီလ ဒုတိယပတ်မှ မေလ ဒုတိယပတ်အတွင်း မိုးတိမ်တောင်များဖြစ်ပေါ် တတ်ကာ၊ ရံဖန်ရံခါဆိုသလို စိုက်ဆင်းလေပြင်းနှင့် မုန်တိုင်းအန္တရာယ်ရှိသည်ဟု ဦးထွန်းလွင်က ဆိုသည်။