နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်တွင် ၅ ရက်ကြာ ကောက်ခံခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ် ၅ဝဝ ကျော်အား ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများက သမ္မတ ဦးသိန်းစိန် ထံ ဤရက်ပိုင်းအတွင်း ပေးပို့ သွားမည်ဟု ဆိုသည်။
ဧပြီလ ၁၇ ရက်နေ့မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း လက်မှတ်ပေါင်း ၅ဝဝ ကျော် ရရှိထားသဖြင့် ၎င်းလက်မှတ်များနှင့် အတူ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် တောင်းဆိုချက် ၄ ချက်ပါ ပန်ကြားလွှာအား စာတိုက်မှတဆင့် အမြန်ပို့ စနစ်ဖြင့် ပေးပို့ ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ပန်ကြားလွှာတွင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ပဏာမ ခြေလှမ်းအဖြစ် နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေး ရန်နှင့် ပြည်ပရောက် အဖွဲ့အစည်းများ၊ ဒုက္ခသည်များအား လုံခြံုအေးချမ်းစွာဖြင့် နေရပ်ရင်း ပြန်လာနိုင်မည့် အခြေအနေများ ဖန်တီးပေးရန်တို့ ပါရှိသည်။
“အဲဒီဟာတွေကို စကင်ဖတ်ပြီး ပို့ဖို့ ပြင်ဆင်နေကြတယ်။ ထိုးတဲ့သူတွေကလည်း ထိုးနေကြဆဲပါ။ ခရမ်းတို့၊ သုံးခွတို့၊ သံလျင်တို့၊ ကျောက်တန်းတို့ဘက်တော့ မနက်ကမှ သွားနေကြတုန်းပါ” ဟု လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သည့် ဦးဖြိုးမင်းသိန်းက မဇ္စျိမကို ပြောသည်။
လက်မှတ်များထဲ၌ အထက်တန်းကျောင်းသားများ၊ သခင်သိန်းဖေနှင့် ဝါရင့်နိုင်ငံရေး သမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင်များ၊ ချိုတူးဇော်၊ ကိုရဲလွင်တို့ အပါအဝင် အနုပညာရှင်များ၏ လက်မှတ်များလည်း ပါရှိသည်။
နိုင်ငံတဝှန်း လက်မှတ်ကောက်ခံရန် တိုင်းနှင့်ပြည်နယ် ၁၄ ခုသို့ ပေးပို့ထားပြီးဖြစ်ကာ ယနေ့မှ အစိုးရရုံးများ ပြန်ဖွင့်သဖြင့် နယ်ဘက်မှ လက်မှတ်များ ရောက်မလာသေးကြောင်း သိရသည်။
“ရက်ပေါင်း ၃ဝ အတွင်းမှာ အပြီးကောက်မှာပါ။ ရလာသမျှကို တပါတ် တကြိမ် နောက်ဆက်တွဲ အနေနဲ့ ပို့ပေးနေမှာပါ။ NLD နဲ့ နောက်ပြီး ဒီမိုကရေစီ အရေးမှာ အစဉ်တစိုက် ပါဝင် လှုပ်ရှားနေကြတဲ့ အုပ်စုတွေကနေ တာဝန်ယူပြီး လက်မှတ်လိုက်ထိုးနေပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအချို့ပါ လက်မှတ်ထိုးကြပြီး နိုင်ငံရေးပါတီများကိုဆက်လက်ချဉ်းကပ် သွားမည်ဟု ဆိုသည်။
ကွန်ယက်အဖွဲ့ဝင် လူငယ်များက မြို့နယ်အလိုက် တာဝန်ယူကောက်ခံနေကြောင်း NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်က မဇ္စျိမကို ပြောသည်။
“ကျနော် တာဝန်ယူတာ အလုံ ဆိုပါစို့။ လူငယ်တွေက မြို့နယ်တိုင်းမှာ ရှိတယ်လေ။ ဒီလူငယ်တွေက လ္ဘက်ရည်ဆိုင်တို့၊ ဖုန်းတို့ကနေ စိတ်ဝင်စားသူတွေ၊ အသိတွေကို စုပြီးတော့ ဒီလိုဒီလိုရှိတယ်၊ စိတ်ပါဝင်စားရင် လက်မှတ်ထိုးပါလို့ ပြောတာပေါ့။ ပေါ်ပေါ်တင်တင်တော့ မဟုတ်ဘူး။ လူရှင်းတဲ့ တအိမ်အိမ်မှာ ချိန်းပြီး စုပြီးတော့ လက်မှတ်ထိုးကြရတာပါ” ဟု သူက ဆိုသည်။
NLD လူငယ်များအား အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိနေသော်လည်း ယခုချိန်ထိ ဟန့်တားနှောင့်ယှက်မှု တစုံတရာ မရှိပါ။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ လွတ်မြောက်လာပြီးနောက် စတင်ဖွဲ့တည်လာခဲ့ကြသည့် ကွန်ယက်အနေဖြင့် စုပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။
“အရင်တုန်းကတော့ စစ်အုပ်ချုပ်ရေး။ အခုတော့ အရပ်ဖက်အုပ်ချုပ်ရေးပုံစံ ပြောင်းထားတဲ့ လွှတ်တော် အုပ်ချုပ်ရေးပေါ့။ ဒီမိုကရေစီပုံစံအရသာ ပြောင်းလဲမှုဖြစ်ပြီး အနှစ်သာရအရ ပြောင်းလဲမှုရှိမရှိ ပထမဦးဆုံး အကြိမ် ကြိုးစားကြည့်တာပါ။ ဒီဟာ တု့ံပြန်မှုကိုကြည့်ပြီး လက်ရှိအစိုးရဟာ ဘယ်လို ပုံသဏ္ဍာန်မျိုးလဲ ဆိုတာကို ပြသမယ် ထင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများ၏ သမ္မတ ဦးသိန်းစိန်ထံ လိပ်မူပေးပို့မည့် ပန်ကြားလွှာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် ပါရှိသော်လည်း ဧပြီလ ၁၁ ရက်နေ့မှစ၍ အစိုးရထုတ် သတင်းစာများတွင်မူ နိုင်ငံရေးဦးတည်ချက် ၄ ရပ်ထဲမှ ‘အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး’ အစား ‘အမျိုးသား စည်းလုံးညီညွတ်မှု ခိုင်မာရေး’ ဟူ၍ ပြောင်းလဲဖော်ပြလာခဲ့သည်။