ဆီးနိတ်အမတ်က မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး စုံစမ်းစေလို

ဆီးနိတ်အမတ်က မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး စုံစမ်းစေလို
by -
သောမတ်စ်မောင်ရွှေ

ချင်းမိုင် (မဇ္စျိမ) ။ ။ ကြီးထွားလာသည့် မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးကိုစုံစမ်းစစ်ဆေး ရန် အမေရိကန် ရီပတ်ဗလစ်ကန် ဆီးနိတ်အမတ် ၃ ဦးက ၎င်းတို့အစိုးရကို သောကြာနေ့တွင်အဆိုပြု ချက်တရပ် ထုတ်ပြန်၍ တိုက်တွန်းခဲ့သည်။

မြန်မာစစ်အစိုးရက မြောက်ကိုရီးယားထံမှ ဒုံးကျည်နှင့် နျူကလီးယားဆိုင်ရာ နည်းပညာ အကူများ ရယူခဲ့သည်ကို ရည်ညွှန်းကာ ဥပဒေပြု ဆီးနိတ်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၏ ထိပ်တန်းခေါင်းဆောင်ဖြစ်ပြီး အင်ဒီယားနား ရီပတ်ဗလစ်ကန်ပါတီမှ ဝါရင့်ဆီနိတ်တာအမတ် မစ္စတာ Richard Lugar က ဦးဆောင်၍ သူ့ပါတီမှ အမတ် နှစ်ဦးဖြစ်သည့် Mitch McConnell ၊ Jim Inhofe တို့နှင့်အတူ အဆိုပြု တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ထိုအဆိုပြုချက်က မစ္စတာ အိုဘားမား အစိုးရအဖွဲ့ကို မြောက်ကိုရီးယားမှ မြန်မာသို့ ၂၀၀၉-၂၀၁၀ ခုနှစ်များအပြင် ၂၀၁၁ ခုနှစ် မတ်လအထိ ဆိုက်ကပ်ခဲ့သော သဘောင်္နှင့် လေယာဉ် အရေအတွက်ကို လေ့လာ၍ စာရင်းပြုစုရန်လည်း ဆိုထားသည်။

ပြီးခဲ့သည့်နှစ်တွင် မြန်မာစစ်တပ်မှ ထွက်ပြေးလာခဲ့သူ ပညာရှင်အရာရှိ ဗိုလ်မှူးစိုင်းသိန်းဝင်းက စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်များကို ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းဌာနမှတဆင့် ဖွင့်ချခဲ့ပြီး၊ နောက်ပိုင်းတွင် မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်ရေးပူပေါင်းဆောင်ရွက်မှှုအပေါ် ကမ္ဘာက အာရုံစိုက်လာခဲ့သည်။

အမေရိကန်၏ ထိပ်တန်း သံတမန်ရေးရာ လျှို့ဝှက်ချက်များမှာ ဝီကီလိခ် ဝဘ်ဆိုဒ်မှတဆင့် ပေါက်ကြားပြီး၊ နောက်ပိုင်း၌ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ စွပ်စွဲချက်များ ပိုမိုခိုင်မာလာခဲ့သည်။ ထိုပေါက်ကြားခဲ့သည့် လျှို့ဝှက်ချက်များထဲ၌ မြန်မာသည် မြောက်ကိုရီးယားထံမှ နည်းပညာ အကူအညီများ ရယူ၍ နျူကလီးယား ပရောဂျက်များနှင့် ဒုံးကျည် အစီအစဉ်များ လုပ်ဆောင်နေသည်ဟု အမေရိကန်အနေဖြင့် သံသယရှိကြောင်း ပါရှိသည်။ ထိုလျှို့ဝှက်ချက်များအား ဝီကီလိခ်နှင့် ဂါးဒီးယန်း သတင်းစာက ၂၀၁၀ ခုနှစ်ကုန်တွင် ဖွင့်ချခဲ့ခြင်း ဖြစ်သည်။

 မစ္စတာ Richard Lugar ၏ တောင်းဆိုချက်ထဲ၌ စစ်အစိုးရ၏ အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှု ကျူးလွန်ခဲ့သည်များနှင့် ပတ်သက်သည့် စွဲချက်များအား နိုင်ငံတကာအဆင့် စုံစမ်းစစ်ဆေးနိုင်ရေးအတွက် ဦးဆောင်မှုပေးရန် သမ္မတ အိုဘားမားကို တိုက်တွန်းထားသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဖိအားပေးရန်ပါ တိုက်တွန်းခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာအစိုးရအပေါ် စုံစမ်းစစ်ဆေးရန် ထောက်ခံခဲ့သော်လည်း အခြားနိုင်ငံများပါ ပါဝင်လာရေးအတွက်ကိုမူ တက်ကြွစွာ တိုက်တွန်းလုပ်ဆောင်ခဲ့ခြင်း မရှိပေ။ စစ်အစိုးရပေါ် ကော်မရှင်ဖွဲ့ စစ်ဆေးရေး အဆိုကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးသံတမန် သောမတ်စ် အိုဂျေ ကွင်တားနားက ၂၀၁၀ ခုနှစ် မတ်လတွင် စတင်အဆိုပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အထွေထွေ ညီလာခံသို့ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် တင်သွင်းခဲ့သည် အစီရင်ခံစာ၌ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးရေးကို ဖော်ပြထားခြင်း မရှိသည်မှာ ထိုစုံစမ်းရေး အဆိုပြုချက်အပေါ်အမေရိကန် ၏ စိတ်ဝင်စားမှု နည်းပါးခြင်းကို ရောင်ပြန်ဟပ်သည်ဟု မြန်မာ့ဒီမိုကရေစီအရေး လှှုပ်ရှားသူများကဆိုခဲ့ကြ သည်။

မစ္စတာ Richard Lugar ၏ အဆိုပြုချက်ထဲ၌ မစ္စတာ အိုဘားမား အစိုးရ၏ သက်တမ်းအတွင်း JADE အက်ဥပဒေ အရ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်တဦး ခန့်အပ်ရေးနှင့် ပတ်သက်၍လည်း ဖော်ပြထားသည်။ မကြာသေးခင်က သတင်းထုတ်ပြန်ချက်များအရ သမ္မတ အိုဘားမားအနေဖြင့် လက်ရှိ အမေရိကန် အာရှနှင့် ပစိဖိတ်ရေးဆိုင်ရာ ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီး Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိမ့်မည်ဟု သိရသည်။

သောကြာနေ့ မွန်းလွဲပိုင်းတွင် ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတရပ်၌ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် အတွင်းရေးမှူး မစ္စတာ Michael H. Posner က ၎င်းတို့အစိုးရအနေဖြင့် မြန်မာ့အရေးအတွက် စိုးရိမ်မကင်း ဖြစ်နေဆဲဟုသတင်း ထောက် များကို ပြောကြားခဲ့သည်။

မစ္စတာ Posner က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံမှပြန်လွတ်ခဲ့ သော်လည်း အထူး ကန့်သတ်တင်းကျပ်မှုများ ရှိနေသေးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့် မရသေးကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

စစ်အစိုးရ ခေါင်းဆောင်ဟောင်းများ ကြီးစိုးထားသည့် လွှတ်တော်ကိုလည်း “ပါလီမန်တော့ ရှိလာပါပြီ။ ဒါပေမဲ့ လှုပ်ရှားခွင့်ရမယ့် အခြေအနေတွေ၊ လွတ်လပ်ခွင့်တွေ ရလာမယ် ရမလာဘူး၊ ထူးခြားမှုတွေ ရှိလာမယ်၊ ရှိမလာဘူး ဆိုတာကတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး” ဟု သူက ဝေဖန်ခဲ့သည်။