ချင်းမိုင် (မဇ္စျိမ) ။ ။ တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သန်းချက်နိုင်မည့် ရေနံချက်စက်ရုံနှင့်ဓာတ်ဆီနှင့် ရေနံဓာတ် ငွေ့ရည် ဖြန့်ဖြူးရေးဌာနများ တည်ဆောက်မည့် စီမံကိန်းအတွက် တရုတ်နိုင်ငံနှင့်မြန်မာစစ်တပ် ပိုင် ဦးပိုင်ကုမ္ပဏီတို့ သက်တမ်းတိုးစာချုပ် တနင်္လာ နေ့က လက်မှတ်ထိုးသည်။
ဦးသိန်းစိန် အစိုးရသစ်ကို အာဏာလွှဲပြီးနောက် ပထမဆုံးရောက်ရှိလာသော နိုင်ငံခြားဧည့်သည်တော် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ကျာချင့်လင် ခရီးစဉ်အတွင်း Guandong Zhenrong Energy ကုမ္ပဏီ ဥက္ကဋ္ဌ Xiong Shohui နှင့် စီးပွားရေးဦးပိုင်လီမိတက်၏ အကြီးအကဲသစ် ဗိုလ်မှူးချုပ် ဇာနည်ဝင်းတို့ နေပြည်တော်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့အပြင် တရုတ်ယွမ်ငွေ ဘီလျံ ၃ဝ (ဒေါ်လာ ၄.၅ ဘီလျံ) အတိုးမဲ့ချေး ငွေမှ “ပထမအသုတ်” ချေးငွေသဘောတူစာချုပ်ကို ဘဏ္ဍာ/အခွန် ဝန်ကြီးဌာန မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တရုတ်အစိုးရ သွင်းကုန်/ထုတ်ကုန်ဘဏ် ဥက္ကဋ္ဌ တို့ လက်မှတ်ထိုးကြသည်ဟု အင်္ဂါနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
တရုတ်က ချင်းတွင်းမြစ်အနောက်ဖက်ရှိ စပယ်တောင်၊ စပယ်တောင် (တောင်) နှင့် ကြေးစင်တောင် သတ္တု တွင်းများမှ ကြေးနီထုတ်လုပ်မှုမှ အချိုးကျ ရယူရန်လည်း သဘောတူညီခဲ့ကြသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ သန်း ရှစ်ထောင်ကျော်အထိ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်း ငါးထောင်တန် ရေအားလျှပ်စစ် စီမံကိန်းများနှင့် ဒေါ်လာ သန်း နှစ်ထောင်ခန့် တန်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ပါဝင်သည်။
ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ဝန်ကြီးများနှင့် နေပြည်တော်၌ သီးခြားတွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်က နှစ်နိုင်ငံ ဆက်ဆံရေးတိုးချဲ့သွားမည် ပြောကြောင်း အစိုးရသတင်းစာက ဖော်ပြသည်။
ကျာချင့်လင်သည် တရုတ်နိုင်ငံတွင် သမ္မတ၊ ဝန်ကြီးချုပ်နှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ဥက္ကဋ္ဌပြီး လျှင် စတုတ္ထအရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်များလည်း အလေးထား ဆွေးနွေးခဲ့ကြကြောင်း တရုတ်-မြန်မာ နယ်စပ် အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။