တာချီလိတ် ငလျင်ကြောင့် ကျပ် သန်း ၃ ထောင်ဖိုး ဆုံးရှုံး

တာချီလိတ် ငလျင်ကြောင့် ကျပ် သန်း ၃ ထောင်ဖိုး ဆုံးရှုံး
by -
ကိုဝိုင်း

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လှုပ်ခဲ့သော ငလျင်ကြောင့် ကျပ် သန်း ၃ ထောင်ခန့် (အမေရိကန် ဒေါ်လာ ၃.၆ သန်းခန့်) ဆုံးရှုံးသည်ဟု တာလေမြို့နယ်ခွဲ ငလျင်ကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။ ...

ချင်းမိုင် (မဇ္စျိမ) ။       ။ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လှုပ်ခဲ့သော ငလျင်ကြောင့် ကျပ် သန်း ၃ ထောင်ခန့် (အမေရိကန် ဒေါ်လာ ၃.၆ သန်းခန့်) ဆုံးရှုံးသည်ဟု တာလေမြို့နယ်ခွဲ ငလျင်ကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။ 

ငလျင်ကြောင့် ပြိုကျထားသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတခုရှေ့တွင် ထိုင်နေသည့် မိခင်နှင့် ကလေးငယ်တို့ကို တာလေမြို့တွင် မတ်လ ၂၈ ရက် ၂ဝ၁၁ ခုနှစ် မနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္စျိမ)

ရန်ကုန် ကုလလူမှုကူညီရေးကွပ်ကဲမှုရုံး (UNOCHA) က တာလေမြို့နယ်ခွဲ ကယ်ဆယ်ရေးကော်မတီအား ကိုးကား၍ ယခုလ ၂၇ ရက်တွင် ထုတ်ပြန်သောအစီရင်ခံစာတွင် ငလျင်ကြောင့် ရ၄ ဦးသေဆုံးပြီး ၁၂၅ ဦးဒဏ်ရာရကြောင်းပါရှိသည်။ ထို့အပြင် အိမ် ၂၂၄ လုံးကျော်၊ ဘာသာရေး အဆောက်အဦး ၃၁ လုံး၊ စာသင်ကျောင်း ၁၁ ကျောင်း ပျက်စီးသည်ဟု ဖော်ပြထားသည်။

မတ်လ ၂၄ ရက်က လှုပ်သည့် ၆.၈ ရစ်ချ်တာစကေးရှိ ငလျင်ကြောင့် တာချီလိတ်-ကျိုင်းတုံလမ်းပေါ်ရှိ တာလေမြို့တံတားထိခိုက်သွားပြီး ကားလမ်း ပြတ်တောက်သွားသည်ဟုလည်း ပါရှိသည်။ တာလေမြို့နယ်ခွဲ၊ မိုင်းလင်း (အရှေ့၊ အနောက်) နှင့် နားယောင်းကျေးရွာအုပ်စုရှိ ရွာများ အဓိကထိခိုက်သွားသည်ဟု ဆိုသည်။

သို့သော်လည်း လမ်းပန်းခရီးနှင့် ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုသတင်း ပေါ်ထွက်မှု နောက်ကျနေသည်ဟု ဒေသခံများက ယုံကြည်ကြသည်။

ကယ်ဆယ်ရေးဆောင်ရွက်နေသည့် တာချီလိတ်မြို့ခံတဦးက ငလျင်ဒဏ်ကြောင့် တာချီလိတ်မှ မြောက်ဖက် ၂၂ မိုင်ခန့်ဝေးသော လားဟူလူမျိုးများ နေထိုင်ရာ ကျာကူနီရွာတွင် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း နှစ်ခြမ်းကွဲသွားပြီး ရွာရှိ အိမ် ၁၄၆ လုံးစလုံး ပျက်ဆီးသွားသည်ဟု ပြောသည်။ 

ဝတ်ပြုနေသူထဲမှ လူ ၂ဝ ကျော် ပွဲချင်းပြီးသေဆုံး၍ ၆ဝ ကျော် ဒဏ်ရာရသွားကြောင်း သိရသည်။ ယင်းရွာမှ ဒုက္ခသည် ၂ဝဝ ခန့် တနာရီခွဲခန့် သွားရသော မိုင်းကိုးကျေးရွာအုပ်စုဝင် မောတွီရွာ၌ ခိုလှုံနေကြသည်ဟုလည်း ဆိုသည်။ 

ငလျင်ဒုက္ခသည်များအတွက် World Vision၊ UNICEF တို့က ဒေသခံ စေတနာရှင်များနှင့်အတူ လှူဒါန်းနေသည့် ရိက္ခာခြောက်များကို ပြန်လည်ချက်ပြုတ်စားရန် အိုးခွက်များ မလုံမလောက်ဖြစ်နေသည်ဟု သိရသည်။ သောက်ရေသန့်လည်း အရေးတကြီး လိုအပ်နေသည်။

“လှူကြတာက ခေါက်ဆွဲ၊ ဖေယာင်းတိုင်၊ စောင်၊ အိကျင်္ ီ၊ ဦးထုပ်၊ ပလတ်စတစ်မိုးကာတဲ၊ သောက်ရေသန့်ဗူး။ ထမင်းနဲ့ ဟင်းကို ဘယ်သူမှ တကူးတကသွားပြီး မချက်ပေးနိုင်ဘူး။ မာမားခေါက်ဆွဲကို မီးမွှေးပြီးစားဖို့ အိုးတွေက ပြားချပ်ကုန်တော့ သုံးမရဘူးလေ” ဟု သူကဆိုသည်။

ငလျင်ဒဏ်ခံရသော သူများကို ကျန်းမာရေး စစ်ဆေးနေစဉ် (ဓါတ်ပုံ မဇ္စျိမ)

တာချီလိတ်တွင် သေဆုံးသူ ၈ ဦးသာရှိပြီး အခြားရွာမှ ဒဏ်ရာရသူ ၁ဝဝ ကျော်ကို တာချီလိတ်ဆေးရုံတွင် နေရာ မလောက်သဖြင့် တာချီလိတ်အခြေစိုက် ခမရ ၃၅၉ နှင့် ခမရ ၃၃၁ တပ်ရင်းဆေးရုံများသို့ မျှတင်လိုက်ပြီဟု အခြားမြို့ခံတဦးက ဆိုသည်။

“တချို့အိမ်တွေဆိုရင် မိရိုးဖလာပေါ့ အောက်က အုတ်ဖိနပ်လေးတွေခံတယ်၊ ပြီးရင် အပေါ်မှာရှိတဲ့ တိုင်လေးတွေကို ဒီအတိုင်းပဲ စွပ်လိုက်တာလေ။ ခြစားမှာစိုးလို့ဆိုပြီး။ ငလျင်ဖြစ်တော့ ခံရတာပေါ့၊ တိုက်တောင်ပြိုတာ အဲဒီလို ပျဉ်းထောင်အိမ်လောက်ကတော့ ဘာပြောကောင်းမတုံး” ဟု မြို့ခံက ပြောသည်။
 
ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အောင်သန်းထွဋ်၊ တြိဂံဒေသတိုင်းမှူး ဗိုလ်မှူးချုပ်သန်းထွန်းဦးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေတို့ သွားပြီး ပစ္စည်းများလှူဒါန်းကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

ကူညီရေးလုပ်ငန်းများလုပ်ဆောင်ေနသည့် ဒေသခံကမူ “တာလေအထိပဲ လူကြီးတွေကလာတာလေ။ ကျာကူနီရွာအထိ လာတာမဟုတ်ဘူး။ ရွာခေါင်းဆောင်တွေက ကယ်ဆယ်ရေးစခန်းမှာ သွားစောင့်နေကြရတာ။ ပြီးမှ ပေးတာတွေယူပြီး ပြန်ကြပေါ့” ဟု ပြောသည်။

တာချီလိတ်ငလျင်သည် ယခုနှစ်အတွင်း ၅ ကြိမ်မြောက်ငလျင်ဖြစ်ပြီး ဇန်နဝါရီလက စစ်ကိုင်းတိုင်း၊ ဖေဖော်ဝါရီက စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းတို့တွင် အသီးသီးလှုပ်ခဲ့ပြီးဖြစ်သည်။ အများဆုံး ၆.၄ ရစ်ချ်တာစကေးရှိပြီး အပျက်အစီး အသေအပျောက် ယခုလောက် မကြီးမားကြောင်း သိရသည်။