ဘင်္ဂလားနှင့် အင်ဒိုနီးရှား လုပ်သားများဖြင့် အစားထိုးမည်

ဘင်္ဂလားနှင့် အင်ဒိုနီးရှား လုပ်သားများဖြင့် အစားထိုးမည်
by -
အောင်မြတ်စိုး

သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ နေရာ၌ ဘင်္ဂလားဒေ့ချ်နှင့် အင်ဒိုနီးရှား လုပ်သားများဖြင့် အစားထိုးမည် ...

ဘန်ကောက် (မဇ္စျိမ) ။        ။ သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ နေရာ၌ ဘင်္ဂလားဒေ့ချ်နှင့် အင်ဒိုနီးရှား လုပ်သားများဖြင့် အစားထိုးမည်ဟု ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ဆိုသည်။

“မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ လုံလောက်သော လုပ်သားအရေအတွက် မရရှိသဖြင့် ဘင်္ဂလားဒေ့ချ်နှင့် အင်ဒိုနီးရှားမှ ရွှေ့ပြောင်းအလုပ်သမားများကို ခေါ်ယူတော့မည်” ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆွန်ကီယတ် ချရာစီရီဝေါင် ပြောဆိုချက်ကို ကိုးကားကာ ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြထားခြင်း ဖြစ်သည်။

“အထွေထွေ၊ ဆောက်လုပ်ရေးနှင့် အိမ်အကူ အလုပ်သမားများ” ခေါ်ယူရေးကို နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီက စီမံကာ ဦးစွာ ဘင်္ဂလားဒေ့ချ်ဖြစ်ပြီး၊ နောက်ပိုင်းတွင် အင်ဒိုနီးရှား အလုပ်သမားများကို ခေါ်ယူမည် ဖြစ်သည်။ သို့သော် မည်သည့်အချိန်တွင် စတင်မည်ကိုမူ ပြောဆိုထားခြင်း မရှိပါ။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမားများကို ခေါ်ဆောင်ရာ၌ ၎င်းနိုင်ငံများရှိ အစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးနေပြီး၊ လိုအပ်သည့် လုပ်သားအရေအတွက်မှာ ၁ သိန်းဟု မြန်မာအစိုးရကို အသိပေးခဲ့သော်လည်း အနည်းအကျဉ်း ပမာဏဖြစ်သည့် ၁,၈ဝ၃ ဦးသာ ဖြည့်စွမ်းပေးနိုင်ခဲ့သည်ဟု အတွင်းဝန် ခွန်ဆွန်ကီယတ်က ဆိုထားသေးသည်။

ပုံမှန်အားဖြင့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂ဝရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်း အလုပ်သမား ၃၉,၂၇၂ ဦးမှ ၁၁,၈၇၉ ဦးသာ work permit သက်တမ်း ထပ်တိုးခဲ့ပြီး၊ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည့်သူများ အပါအဝင် ၈၉၂,၈၇၅ မှ ၃၇,၃၄၇ ဦးသာ သက်တမ်းဆက်ရသေးကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်းအလုပ်သမားဝန်ကြီး ချလန်ချိုင်း စီရီအွန်ကလည်း ပြောကြားခဲ့သည်။

သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် အလုပ်သမား ၂ သိန်းကျော်ကို ဖမ်းဆီးရန် သက်ဆိုင်ရာ အာဏာပိုင်များသို့ အကြောင်းကြားပြီးပြီဟု အတွင်းဝန် ခွန် ဆွန်ကီယတ်က ဆိုသည်။

သက်တမ်းမတိုးသော လုပ်ငန်းရှင်နှင့် အလုပ်သမားများကို ရှာဖွေတွေ့ရှိပါလျှင် အလုပ်သမားတဦးအတွက် ဒဏ်ငွေ ၁ သောင်းဘတ်မှ တသိန်းဘတ်နှင့် အလုပ်သမားများကိုမူ ဒဏ်ငွေ ၂ ထောင်ဘတ်မှ ၁ သိန်းဘတ်အထိအပြင် ထောင်ဒဏ် ၅ နှစ် အထိပါ ပြစ်ဒဏ်ပေးမည်။ လုပ်ငန်းရှင်အတွက် ထောင်ဒဏ်ချမှတ်မှုမျိုး ဥပဒေတွင် ပြဋ္ဌာန်းမထားပေ။

“အခက်အခဲက ဘာတွေဆိုတာကို ထိုင်းအစိုးရအနေနဲ့လည်း သေချာသုံးသပ်စေချင်တယ်။ ဘာကြောင့် သက်တမ်း မဆက်ကြသလဲဆိုတဲ့ အဖြေကိုပေါ့။ အလုပ်ရှင်က သူလုပ်ပေးရမှာကို မလုပ်ပေးခဲ့ရင် အလုပ်သမားတွေ နစ်နာပါတယ်။ အဲဒီတော့ အလုပ်ရှင်တွေကို ဖိအားပေးဖို့ လိုပါတယ်။ အလုပ်ရှင်တွေကို ဖိအားမပေးဘဲ အလုပ်သမားပဲ ဆွဲဆွဲဖမ်းတာမျိုးတွေပဲ ဖြစ်နေရင်တော့ မကောင်းဘူး” ဟု ရောင်ခြည်ဦး အလုပ်သမားများသမဂ္ဂ တာဝန်ခံ ဦးုမိုးဆွေက မဇ္စျိမကို ပြောသည်။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ IOM အဖွဲ့ကြီးက ယခုနှစ် ဇန်နဝါရီလကုန်ပိုင်း သတင်းထုတ်ပြန်ချက် အမှတ် ၉ တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ တရားမဝင် အလုပ်သမားများ ဖမ်းဆီးမှုစာရင်းတွင် ၆,၂၁၇ ဦးရှိပြီး ထိုအထဲ၌ မြန်မာ ၄,၃၄၃ ဦး ပါဝင်သည်။ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးရာ၌လည်း ၁,၅၉၅ ဦး ရှိပြီး၊ ထိုအထဲတွင် မြန်မာ ရ၂ဝ ဦး ပါဝင်သည်။

မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၂ မှ ၂၄ ရက်အထိ သွားရောက်လည်ပတ်ခဲ့သည့် ထိုင်းအလုပ်သမားဝန်ကြီး၏ ခရီးစဉ်အတွင်း မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က အလုပ်သမားလက်မှတ်အသစ် ဖွင့်လှစ်ပေးရန် ထိုင်းအစိုးရထံ တောင်းဆိုခဲ့ပြီး၊ ထိုလုပ်ငန်းစဉ်ပြီးသည့်နောက် ထပ်မံဝင်ရောက်လာသည့် တရားမဝင် အလုပ်သမားများကို ထိုင်းဥပဒေအရ လုပ်ကိုင်နိုင်သည်ဟု ပြောဆိုခဲ့သည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေးရုံး၏ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလကုန် စာရင်းဇယားများအရ ယာယီနိုင်ငံကူးလက်မှတ် ရရှိပြီးသူ မြန်မာရွှေ့ပြောင်းလုပ်သား ၃ဝ၈,ဝ၉ဝ ဦး ရှိပြီး ကျန်ရှိသည့် ၅ဝ၄,၈၉၄ ဦးမှာ ဆက်လက် လျှောက်ထားဆဲ ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့များ ခန့်မှန်းသည်မှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းခန့် ထိုင်းတွင် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။