လွှတ်တော်ထဲ မေးမြန်းမည့် မေးခွန်းများနှင့် အဆိုများသည် မဆွေးနွေးမီ ပြည်ပမီဒီယာများသို့ ကြိုတင်ပေါက်ကြားခဲ့သဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ဖျက်မှုများ ပြုလုပ်ခဲ့ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ လွှတ်တော်ထဲ မေးမြန်းမည့် မေးခွန်းများနှင့် အဆိုများသည် မဆွေးနွေးမီ ပြည်ပမီဒီယာများသို့ ကြိုတင်ပေါက်ကြားခဲ့သဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ဖျက်မှုများ ပြုလုပ်ခဲ့ကြောင်း လွှတ်တော်တက် အမတ်များထံမှ စုံစမ်းသိရှိရသည်။
“ဦးခင်အောင်မြင့် ပြောတာက တချို့ဟာတွေက ကောင်းတယ်တဲ့၊ သင့်တော်တဲ့ အဆိုတွေ ဖြစ်တယ်တဲ့။ တချို့ဟာတွေက လွှတ်တော်မှာ တင်သွင်းဆွေးနွေးမှုတွေ မလုပ်ရသေးဘဲနဲ့ အပြင်မီဒီယာတွေကို ရောက်နေတဲ့အတွက် အဲဒါတွေကို ဖြုတ်လိုက်တယ်တဲ့။ ဘယ်ဟာ ပယ်ဖျက်တယ်တော့ မပြောဘူး” ဟု လွှတ်တော်အမတ်တဦးက မဇ္စျိမကို ပြောသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော်၏ နာယကလည်းဖြစ်သူ ဦးခင်အောင်မြင့်သည် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာန၏ အကြီးအကဲဟောင်းတဦးလည်း ဖြစ်သည်။ သူသည် ဇန်နဝါရီလ ၃၁ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင်လည်း လွှတ်တော်အတွင်း သူနိုင်ကိုယ်နိုင် စကားနိုင်လုပြောခြင်းမျိုး မဖြစ်စေရန် အမတ်များကို မှာကြားခဲ့သေးသည်။
လွှတ်တော်တက် အမတ်များအနေဖြင့် လွှတ်တော်တွင်း ဆွေးနွေးမည့် အဆိုများနှင့် မေးခွန်းများကို ၁ဝ ရက်ကြိုတင်၍ လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှတဆင့် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများထံ ပေးပို့ခဲ့ရသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌ စိစစ်ပြီးဖြစ်သည့် မေးခွန်းများနှင့် အဆိုများကို မည်သည့်နေ့တွင် ဆွေးနွေးရန်ရှိကြောင်း တရက်ကြိုတင်ကာ အမတ်များထံ လွှတ်တော်ရုံးက ပေးပို့ထားလေ့ရှိပြီး နောက်နေ့တွင် ဆွေးနွေးကြခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ အခန်း ၁၇ (ဃ) တွင် လွှတ်တော် ဥက္ကဋ္ဌများက ဆွေးနွေးရန် ခွင့်ပြုချက် မရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုရဟု ဖော်ပြထားသည်။
အချို့အဆိုများ ပယ်ဖျက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆိုခဲ့သည့်အပြင်၊ ထိုသို့မဖြစ်ရေး ထိန်းသိမ်းရန် လိုအပ်ကြောင်း မှာကြားခဲ့သေးသည်ဟု အမျိုးသား လွှတ်တော်တက် အမတ်တဦးကလည်း ပြောသည်။
အမျိုးသားလွှတ်တော်တွင် အဆိုများ ပယ်ဖျက်ကြောင်း ပြောခဲ့သော်လည်း ပြည်သူ့လွှတ်တော်တွင် ထိုသို့သော ဖြစ်ရပ်မျိုး မရှိဘဲ အဆိုများ ဆွေးနွေးခွင့်ရခဲ့သည်ဟု ပြည်သူ့လွှတ်တော်တက် အမတ်တဦးက ဆိုသည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ဖွံ့အမတ်၊ လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦး၏ စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်ရန် အဆိုတင်ခဲ့ပြီး၊ ၎င်းအဆိုကို သောကြာနေ့ အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။
အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းစေရန် ရွေးကောက်ပွဲဝင် ပါတီများ လိုလားနေကြပြီး ယခု ဦးဋ္ဌေးဦး၏ အဆိုသည် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရန် တောင်းဆိုသည့် အဆိုမဟုတ်ဘဲ ကန့်ကွက်သည့် အဆိုဖြစ်နေခြင်းကြောင့် သောကြာနေ့လွှတ်တော်တွင် သူ့အနေဖြင့် ပါဝင်ဆွေးနွေးမည် မဟုတ်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။
“ကျနော်တို့ပါတီက စီးပွားရေးပိတ်ဆို့တာကို ရုပ်သိမ်းပေးဖို့အဆို ဆိုရင်တော့ ကျနော်က ထောက်ခံတယ်။ အခုဟာက သူတို့ဟာ ဘာကြောင့်ပိတ်ဆို့တာလဲ၊ ပိတ်ဆို့တဲ့ အကြောင်းရင်းတွေရှိပါတယ်။ အဲဒီပိတ်ဆို့တဲ့ အကြောင်းရင်းတွေကို တဖက်က လိုက်လျောမှ တဖက်က လိုက်လျောလာမှာ ဖြစ်တဲ့အတွက် နှစ်ဖက်လုံး ကိစ္စဖြစ်တယ်။ အဲဒီတော့ ပိတ်ဆို့တဲ့ ဘက်ကိုကော၊ ပိတ်ဆို့ခံရတဲ့ ဘက်ကိုကော နှစ်ဖက်လုံးကို တောင်းဆိုရမှာ ဖြစ်တယ်။ အဲဒီလို ဆွေးနွေးဖို့ အခုဟာက ရုပ်သိမ်းပေးဖို့ တောင်းဆိုတာလည်း မဟုတ်ဘူး၊ ကန့်ကွက်ပါတယ်ဆိုတော့ ကျနော်တို့က ဆွေးနွေးစရာကို မရှိတော့ဘူး” ဟု သူက ပြောသည်။
ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဒေါက်တာမြတ်ဉာဏစိုးက မြန်မာနိုင်ငံတွင် စီးပွားရေးကို အထောက်အကူပြုမည့် အမျိုးသားစီးပွားရေး ကော်မရှင်တခု ဖွဲ့စည်းရန် အဆိုကို တင်သွင်းခဲ့ရာ ထောက်ခံမည်သူ မရှိဟု လွှတ်တော်အမတ်များက ပြောသည်။
ဒေါက်တာမြတ်ဉာဏစိုး၏ ဒုတိယအဆိုဖြစ်သည့် စီးပွားရေး အထူးဇုန်များ ထပ်မံတိုးချဲ့ရန် အဆိုသည်လည်း ထောက်ခံမဲ ၁၃၉ မဲ ကန့်ကွက်မဲ ၄ဝဝ ကျော်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ကြံ့ဖွံ့အမတ်ဖြစ်သူ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း၏ ကျောင်းသားများအတွက် ပညာသင် ထောက်ပံ့ကြေးပေးရန် ရှိ/မရှိ မေးခွန်းကို ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက တနှစ်လျှင် ကျောင်းသား ၁၅ဝဝ ကျော်ကို ပညာသင်စရိတ် ပေးနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာများ ထုတ်လုပ်မှု အရည်အသွေးမြင့်မားရေး မေးခွန်းကို လယ်/ဆည်ဝန်ကြီးက ဓာတ်မြေသြဇာများ အတုထုတ်လုပ်မှုများ ရှိပါက အရေးယူသွားမည်ဟု ဖြေကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်သည် ယခုလ ၂၈-၂၉ ရက်နေ့များအထိ ကျင်းပဖွယ်ရှိပြီး၊ ၃ဝ ရက်နေ့တွင် ဝန်ကြီးများ နေရာချထားရန် ရှိနိုင်သည်ဟု အမတ်များက ခန့်မှန်းကြသည်။