မြန်မာခြိမ်းခြောက်မှု နျူကလီးယားမဟုတ် စကဒ်ဒုံးကျည်

မြန်မာခြိမ်းခြောက်မှု နျူကလီးယားမဟုတ် စကဒ်ဒုံးကျည်
by -
ဂျင်အင်ဒရူး

မြန်မာနိုင်ငံက စကဒ်ပုံစံဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်နေသည်ဟူသော သတင်းများသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း အာဏာချိန်ခွင်လျှာကို ပျက်စီးသွားစေနိုင် ...

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံက စကဒ်ပုံစံဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်နေသည်ဟူသော သတင်းများသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း အာဏာချိန်ခွင်လျှာကို ပျက်စီးသွားစေနိုင်ပြီး ဒေသတွင်း စစ်လက်နက်ပြိုင်ပွဲတရပ် ပေါ်ထွက်လာစေနိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီလင်တနာ Bertil Lintner က သတိပေးထားသည်။

မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံများအကြောင်း ယုံကြည်အားထားလောက်သည့် စာအုပ်များ ရေးသားခဲ့သူ လင်တနာက “ကျနော်ရထားတဲ့ အထူးသီးသန့် သတင်းတွေအရ ဧရာဝတီအနောက်ဘက်ကမ်း မကွေးတိုင်း မင်းဘူးမြို့တောင်ဘက်မှာ ရှိတဲ့ မင်းလှဆိုတဲ့ မြို့လေးက စစ်တပ်လက်နက်စက်ရုံတွေမှာ ခေတ်မီဆန်းပြားတဲ့ စကဒ်ဒုံးကျည်တွေ ထုတ်လုပ်နေတယ်လို့ သိထားရပါတယ်’’ ဟု ပြောသည်။

ဤထိပ်တန်း လျှို့ဝှက်စီမံကိန်းတွင် မြန်မာစစ်တပ်ပညာသည်များကို မြောက်ကိုရီးယား လက်နက်ပါရဂူများက အကူအညီပေးနေသည်ဟု  ဟောင်ကောင်အခြေစိုက် သတင်းဌာန Asia Pacific Media Services ၏ ဝဘက်ဆိုက်တွင် တင်ထားသော ဘာတီလင်တနာ၏ စာတမ်းတွင် ပါရှိသည်။

နည်းဗျူဟာသုံး ပဲ့ထိန်းအမျိုးအစား ဒုံးကျည်များဖြစ်သော စကဒ်ဒုံးကျည်များကို စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက်ယူနီယံက စတင်ထုတ်လုပ်ခဲ့သည်။ ထို့နောက် မြောက်ကိုရီးယားက အဆိုပါ စကဒ်ဒုံးကျည်များကို သူ့လက်နက်တိုက်အတွင်း လွန်ခဲ့သော နှစ် ၂ဝ ကျော်ကပင် ထည့်သွင်းတပ်ဆင်ခဲ့သည်။ အီဂျစ်နိုင်ငံမှ နည်းဗျူဟာသုံး လက်နက်အမြောက်အမြား ဝယ်ယူတပ်ဆင်ခဲ့သည်။ လက်ရှိအသုံးပြုနေသော သူ့ကိုယ်ပိုင် Hwasong-6  အမျိုးအစား ဒုံးကျည်ကို နောက်ပိုင်းတွင် ထုတ်လုပ်ခဲ့ပြီး အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့ခဲ့သည်။

လက်ရှိ အသုံးပြုနေသော ထိုလက်နက်သည် ထိပ်ဖူး ၈ဝဝ ကီလိုဂရမ်ကို သယ်ဆောင်ကာ ရဝဝ ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သည်။ ထို့ကြောင့် ဒေသတွင်း စစ်ပွဲများတွင် ထိရောက်သော အလွန်အစွမ်းထက်သည့် တာလတ်ပစ်လက်နက် ဖြစ်လာခဲ့သည်။

“မြန်မာနိုင်ငံသာ စကဒ်ဒုံးလက်နက် ပိုင်ဆိုင်သွားပါက ယင်းသို့ တာဝေးပစ် ဒုံးကျည်မရှိသည့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကြားတွင် နှာတဖျား သာသွားမည် ဖြစ်သည်။ လက်နက်ပြိုင်ပွဲတရပ်လည်း အဆိုပါ နိုင်ငံများကြားတွင် ပေါ်ပေါက်လာစေနိုင်ပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း အလားတူ ဒုံးလက်နက်များ ထုတ်လုပ်ရန်သော်၎င်း၊ ဝယ်ယူရန်သော်၎င်း တွန်းအားပေးလိုက်သလို ဖြစ်လိမ့်မည်’’ ဟု လင်တနာက သတိပေးသည်။

မြန်မာနို်င်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဆိုသည့် ယူဆချက်များအစား မြန်မာနို်င်ငံ၏ ဒုံးလက်နက် အစီအစဉ်ကို ပို၍ အလေးအနက်ထား ကိုင်တွယ်သင့်သည်ဟု သူက ဆိုသည်။ မြန်မာနိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးဆိုသည်မှာ လတ်တလော ကာလအတွင်း ဖြစ်နိုင်ခြေမရှိသည့် စိတ်ကူးယဉ်စီမံကိန်း တခုမျှသာဖြစ်သည်ဟုလည်း သူက ပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စကဒ်ဒုံးကျည် ထုတ်လုပ်ရေး အစီအစဉ်ကိုသာ လေးနက်စွာ ကိုင်တွယ်ရန် လိုအပ်သည်ဟုပါ သူက ပြောသည်။

ဤဒုံးကျည် အစီအစဉ်များအကြောင်း ပထမဆုံးပေါ်ထွက်လာသည်မှာ ဝီကီလိ ဝဘ်ဆိုဒ်က ဖော်ထုတ်ခဲ့သည့် ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ဝါရှင်တန်သို့ ၂ဝ၁ဝ ခုနှစ်တွင် ပေးပို့ခဲ့သော ကြေးနန်းစာတွင် ဖြစ်သည်။

အမေရိကန်သံရုံး၏ သတင်းရင်းမြစ်တခုက မကွေးတိုင်းအတွင်း စစ်တပ်ပိုင်မြေအတွင်း သံကူကွန်ကရစ် မြေအောက်အဆောက်အအုံတခု တည်ဆောက်လျက်ရှိပြီး ထိုအထဲတွင် မြောက်ကိုရီးယား ပညာသည်များက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်လျက်ရှိသည်ဟု သတင်းပေးပို့လာသည်။ အဆိုပါ သတင်းရစ်မြစ်ကပင် “ပုံမှန်အရွယ်ထက် ပိုမိုကြီးမားသော အရွယ်အစားရှိသည့် အားဖြည့် သံမဏိထည်ကြီးတခုကို ဖောင်ကြီးတခုဖြင့် တင်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း’’ ပြောကြားခဲ့သည်။

လက်နက်စက်ရုံကို မြေအောက်တွင် တဝက်တပျက်မြှုပ်၍ တည်ဆောက်ထားခြင်းကြောင့် ဝေဟင်မှ ထောက်လှမ်း လေ့လာရန် ခဲယဉ်းသည်ဟု လင်တနာက ပြောသည်။ ယခုအခါ လက်နက်စက်ရုံနှစ်ခုက စကဒ်ပုံစံ ဒုံးကျည်များ အပါအဝင်  တိုင်းပြည်တွင်း ယခုထိ ထုတ်လုပ်ခဲ့သမျှထက် ပိုမိုအဆင့်မြင့်သော လက်နက်များကို ထုတ်လုပ်လျက်ရှိသည်ဟု သူ့သတင်းရင်းမြစ်များက သူ့ကိုပြောပြသည်ဟု သူက ဆိုသည်။

“သံရုံးကြေးနန်းထဲမှာ ရည်ညွှန်းဖော်ပြထားတဲ့ စက်ရုံဟာ မင်းလှမြို့နယ် ကုန်းကြီးကျေးရွာအတွင်း တည်ရှိတဲ့ ကပစ အမှတ် ၁ဝ စက်ရုံဖြစ်တယ်ဆိုတာ အခုအခါ ရှင်းသွားပြီ။ အဲဒီစက်ရုံကို ၁၉၉၃ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး မကြာသေးခင်ကမှ ပြီးစီးသွားခဲ့တယ်’’ ဟု လင်တနာက ပြောသည်။

“အဆိုပါ စက်ရုံသည် မြေဧက ၆ဝဝဝ (၂၄၂၈ ဟက်တာ) ကျယ်ဝန်းပြီး စက်ရုံတည်ဆောက်ခြင်း ရည်ရွယ်ချက်မှာ မြေပြင်မှ ဝေဟင်ပစ်၊ မြေပြင်မှ မြေပြင်ပစ်နှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးလက်နက်များ ထုတ်လုပ်ရန်ဖြစ်သည်’’ ဟု စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သူ သတငး်ရင်းမြစ်၏ အပြောအရ သိရသည်။

’’စက်ရုံမှာ အလုပ်လုပ်တဲ့ မြောက်ကိုရီးယား ပညာရှင်တွေက ပထမတော့ တရုတ်ပြည်ကတဆင့် ကုန်းလမ်းကနေ တိတ်တဆိတ် ဝင်လာတာလို့ သိရတယ်။ သူတို့ကို မြန်မာနို်င်ငံ ကာကွယ်ရေးဌာန လက်နက်ထုတ်လုပ်ရေး ညွှန်ကြားရေးမှူးရုံး (ကကထုတ်) က အရာရှိတွေက နယ်စပ်မှာ သွားကြိုပြီး ခေါ်လာခဲ့တာလို့ သိရတယ်’’ ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ကပစ ၁ဝ တွင် စစ်ဘက်ပညာသည်နှင့် အခြားစစ်သည် ၆ဝဝ မှ ၉ဝဝ ကြား အခြေစိုက်ကာ တာဝန်ထမ်းဆောင်နေသည်ဟု လင်တနာက ပြောသည်။ “အစပိုင်းမှာ ရုရှနဲ့ တရုတ်ပညာရှင်တွေလည်း စက်ရုံဆောက်လုပ်ရေးမှာ ပါသေးတယ်။ နောက်တော့ သူတို့ ထွက်သွားပြီး မြောက်ကိုရီးယား စစ်လက်နက်ပါရဂူတွေ အစားဝင်လာပုံရတယ်’’ ဟု သူက ပြောသည်။

မင်းလှမြို့နယ်ရှိ ဒုတိယစစ်လက်နက်စက်ရုံဖြစ်သော ကပစ ၂ ကို မလွန်ကျေးရွာအနီး မြေဧက တသိန်းပေါ်တွင် ခွဲဖြန့်တည်ဆောက်ထားသည်ဟု သူက ဆိုသည်။ ထိုစက်ရုံဟောင်းတွင် အင်ဂျင်နီယာနှင့် အခြားစစ်သည် ၉ဝဝ တာဝန်ထမ်းဆောင်နေပြီး ၆ဝ မမ၊ ၈၁ မမ၊ ၁၂ဝ မမ စိန်ပြောင်းများနှင့် ၁ဝ၅ မမ အမြောက်များ ထုတ်လုပ်နေသည်ဟု သူ့သတင်းရင်းမြစ်က သူ့ကို ပြောပြသည်။

အဆိုပါ စက်ရုံဝင်းအတွင်း အလွန်ကြီးမားသည့် စက်ပစ်ကွင်းနှင့် လက်နက်စမ်းသပ်ကွင်းတခုလည်း ထည့်သွင်းတည်ဆောက်ထားပြီး အမြောက်နှင့် ဒုံးများ အပါအဝင် လက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်နေသည်ဟု  အဆိုပါ သတင်းရင်းမြစ်ကပင် လင်တနာကို ပြောသည်။

“ဒီသတင်းရင်းမြစ်ရဲ့ အပြောအရ စင်္ကာပူလို မြေလုံလုံလောက်လောက် မရှိတဲ့ နိုင်ငံက ဒီလက်နက်စမ်းသပ်ကွင်း တည်ဆောက်ရေးအတွက် ငွေထုတ်ပေးခဲ့တယ်။ လက်နက်တွေကို စင်္ကာပူက ယူလာပြီး ဒီမှာ စမ်းသပ်ပစ်ခတ်ကြတယ်’’ ဟု လင်တနာက ပြောဆိုသည်။

“အခုအထိ ရရှိထားတဲ့ သတင်းတွေအရတော့ မင်းလှမှာရှိတဲ့ ကပစ စက်ရုံနှစ်ရုံကနေ အခုမှ အစပျိုးစ၊ အလွန်အငြင်းပွားဖွယ် လျှို့ဝှက်သိပ်သည်းလှတဲ့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်နေတယ်၊ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေတော့ မကြားရသေးပါဘူး။ နျူကလီးယား သုတေသန လုပ်ငန်းတွေကို ပခုက္ကူမြောက်ဘက်က မြိုင်မှာ လုပ်နေတယ်လို့ သိရတယ်။ မကွေးတိုင်းအတွင်း မင်းလှစက်ရုံတွေနဲ့ အတော်ဝေးဝေး နေရာမှာလည်း လုပ်နေတယ်လို့ သိရတယ်’’ ဟု လင်တနာက ပြောသည်။

ကပစ ၂ စက်ရုံတွင် မြောက်ကိုရီးယားနိုင်ငံ ပါဝင်ပတ်သက်နေမှုမှာ နိုင်ငံတကာအတွက် စိုးရိမ်ပူပန်စရာ ဖြစ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ အစဉ်အလာ စစ်ရေးမဟာမိတ် တရုတ်နိုင်ငံအတွက်ပင် စိုးရိမ်စရာ ဖြစ်နေသည်။ ၁၉၉ဝ စုနှစ်များအတွင်း ၂ဝဝဝ စုနှစ်များ အစောပိုင်းအထိ အလုံးအရင်းဖြင့် စစ်လက်နက်ပစ္စည်း အမြောက်အမြားကို တင်ပို့ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ လက်နက်များ ပေးပို့ခြင်းမှာ သိသာစွာ လျော့နည်းကျဆင်းသွားပြီဟု လင်တနာက ပြောဆိုသည်။

Most read this week