ကားစတစ်ကာကပ်လျှင် ဒဏ်ငွေတသိန်း

ကားစတစ်ကာကပ်လျှင် ဒဏ်ငွေတသိန်း
by -
မဇ္စျိမသတင်းဌာန

မော်တော်ယာဉ်များတွင် စတေကာ၊ လေစုပ်ခွက်၊ လိုက်ကာ  တပ်ဆင်မောင်းနှင်မှု တွေ့ရှိပါက ငွေကျပ်တသိန်းနှင့် ယာဉ်မောင်းလိုင်စင် တလပိတ်သည့် ဒဏ်တပ်မည် ...

ရန်ကုန် (မဇ္စျိမ) ။       ။ မော်တော်ယာဉ်များတွင် စတေကာ၊ လေစုပ်ခွက်၊ လိုက်ကာ  တပ်ဆင်မောင်းနှင်မှု တွေ့ရှိပါက ငွေကျပ်တသိန်းနှင့် ယာဉ်မောင်းလိုင်စင် တလပိတ်သည့် ဒဏ်တပ်မည်ဟု သောကြာနေ့က ပြုလုပ်သည့် လမ်းပမ်းဆက်သွယ်ရေးနှင့် လုံခြံုချောမွေ့စေရေး အပတ်စဉ်အစည်းအဝေး၌ ထုတ်ပြန်လိုက်သည်။

တိုးမြှင့်လိုက်သည့် နှုန်းထားများအရ ပထမအကြိမ် စည်းကမ်းဖောက်ပါက  ဒဏ်ငွေကျပ် တသိန်း၊ ယာဉ်စည်းကမ်း ဒဏ်ငွေ ၁၅ဝဝ ကျပ်နှင့် ယာဉ်မောင်းလိုင်စင် တလ ပိတ်သိမ်းမည်ဖြစ်ပြီး ဒုတိယအကြိမ်တွင် ငွေကျပ် ၂ သိန်း၊ ယာဉ်စည်းကမ်း ဒဏ်ငွေ ၁၅ဝဝ ကျပ်နှင့် ယာဉ်မောင်း လိုင်စင် ၃လပိတ် ပြစ်ဒဏ်၊ တတိယအကြိမ်နှင့် အထက်ဆိုပါက ဒဏ်ငွေ ၃ သိန်း၊ ယာဉ်စည်းကမ်းဒဏ်ငွေ ၁၅ဝဝ ကျပ်နှင့် ယာဉ်မောင်းလိုင်စင် ၆ လပိတ် ပြစ်ဒဏ် အသီးသီး ချမှတ်မည်ဟု ပါရှိသည်။

မြို့တွင်း ရှာဖွေစစ်ဆေး အရေးယူမှုများကို တပ်မတော်တပ်ထိန်းများလည်း ပူးပေါင်းသွားမည်ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ အရာထမ်းတဦးက ပြောသည်။

"စတစ်ကာ၊ လေစုပ်ခွက်၊ လိုက်ကာ တပ်ကြတဲ့အထဲမှာ စတစ်ကာ ကပ်တာများတယ်။ တလကို ဒီအမှုပဲ ၂ဝဝ လောက် ပုံမှန်ရှိနေတယ်။ ယာဉ်စည်းကမ်းနဲ့ ယာဉ်တွေအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့သူတွေ များနေလို့ အခုလို ဒဏ်ကြေးတိုးတာပါ" ဟု လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြံုချောမွေ့ရေး ကော်မတီခွဲ အရာရှိတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်များ၌ စတေကာ၊ လေစုပ်ခွက်၊ လိုက်ကာ တပ်ဆင်ခြင်းမပြုရန် အမိန့်ထုတ် အရေးယူခဲ့သည်မှာ ၁၉၉၈ ခုနှစ်ကတည်းက ဖြစ်ပြီး ၂ဝဝ၅ ခုနှစ်တွင် မလိုက်နာသည့် ယာဉ်များကို အစိုးရဆီဆိုင်များမှ စက်သုံးဆီထုတ်မပေးဟု သတ်မှတ်ခဲ့သေးသည်။

ယခင်က စတေကာ၊ လေစုပ်ခွက်၊ လိုက်ကာ တပ်ဆင်သည့် ကားများကို ဒဏ်ကြေးငါးသောင်းနှင့် ယာဉ်စည်းကမ်း ဒဏ်ငွေ ၁၅ဝဝ သာ တပ်လေ့ရှိရာမှ  ဒဏ်ကြေးတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

Most read this week