စစ်အစိုးရဘက်က စစ်အင်အားဖြင့် တိုက်ခိုက်လာပါက ပြန်လည် ခုခံသွားရန်နှင့် ဝ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဟု ဝ' ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ၏ ...
ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်အစိုးရဘက်က စစ်အင်အားဖြင့် တိုက်ခိုက်လာပါက ပြန်လည် ခုခံသွားရန်နှင့် ဝ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဟု ဝ' ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ၏ တနင်္ဂနွေက ပြီးဆုံးသော၂ဝ၁ဝ စုံညီ နှစ်ချုပ်စည်းဝေးတွင် ဆွေးနွေးခဲ့ကြသည်။
ဝ ပါတီ လက်အောက်ရှိ ၂၇ ဌာနမှ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လယ်ယာစိုက်ပျိုးရေး စသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များက အစီရင်ခံ တင်ပြခဲ့ပြီး အဘက်ဘက်မှ ဝ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သွားရန် ဆွေးနွေး ဖြစ်ကြသည်ဟု ဝ' အရာရှိ တဦးက ပြောသည်။
“ကိုယ့်နယ်မြေကိုယ် လုပ်သင့်တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်သွားဖို့။ ကျနော်တို့ ဝ' ဒေသဖွံ့ဖြိုးဖို့ ဘယ်လို လုပ်မလဲဆိုတာတွေ ပါဘဲ။ စစ်ရေး၊ နိုင်ငံရေးက သူတို့ တိုက်လာရင် ကျနော်တို့ဘက်ကလဲ ခုခံတိုက်ဖို့က နောက်ဆုံးစကားဘဲ”ဟု ဝ' ဗိုလ်မှူး တဦးက ပြောသည်။
နယ်ခြားစောင့်တပ်ကို လက်မခံသဖြင့် နအဖ တပ်မှ စစ်ရေးဖြင့် ဝ' နယ်မြေအတွင်း ထိုးစစ်ဆင် တိုက်ခိုက်လာပါက ပြန်လည် ခုခံရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်ဟု သူက မဇ္စျိမကို ပြောသည်။
ရှမ်းပြည်(မြောက်ပိုင်း) ဝ' ဌာနချုပ် ပန်ဆန်းတွင် ၅ ရက်ကြာ ကျင်းပခဲ့သည်။
၂ဝ၁ဝ နှစ်ချုပ် စုံညီ အစည်းအဝေး ပထမနေ့ ဗုဒ္ဓဟူးနေ့က ဒုဥက္ကဋ္ဌ ကျောက်ဝင်ကွင်းက ဌာနဆိုင်ရာ ကိုယ်စားလှယ်ပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့စဉ် ဝ' တပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်မှုဖြင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖိအားပေးမှုကို ငြင်းဆန်နိုင်ခဲ့သည့် အပေါ် အားရကျေနပ်သည်ဟု ပြောဆိုခဲ့သည်။
၂ဝဝ၅ ကစ၍ ဝ နယ်မြေတွင် ဘိန်းစိုက်ရပ်သွားပြီး ဘိန်းအစားထိုးသီးနှံ ရာဘာနှင့် လက်ဖက်များကိုသာ အဓိက စိုက်ပျိုး၍ ဝ' နယ်မြေတိုးတက်ဖွံ့ဖြိုးရေးကို ဆက်လုပ်သွားမည်ဟု ဝ' ဗိုလ်မှူးက ပြောသည်။
ဝ' တပ်ဖွဲ့ စစ်ရေးအရ ပြင်ဆင်မှုများ အဆင်သင့်ရှိနေသလို ဝ ဒေသဖွံ့ဖြိုးရေးများ လုပ်သွားရန် အဓိကထားဆုံးဖြတ်ခဲ့ကြသည်ဟု ဝ' ပါတီ၏ စုံညီ စည်းဝေးကို စောင့်ကြည့်နေသူ တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
“သူတို့က ဒေသဖွံ့ဖြိုးရေး၊ ကာကွယ်ရေး၊ ကြံ့ခိုင်ရေးတွေဘဲ ပြောတယ်။ စာရွက်စာတမ်းတော့ မထွက်လာ သေးဘူးဗျ။၂ဝ၁၁ လုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်ရေးပါဘဲ။ ဝ' တပ်မှာက ခေတ်မီတပ်တွေထဲမှာရှိတဲ့ ရှိသင့်ရှိထိုက်တဲ့ လက်နက်ကြီးတွေ ရှိပါတယ်။ ဒေသကို လုံလုံခြံုခြံုကာကွယ်နိုင်တဲ့ လက်နက် တပ်ဆင်မှုကတော့ အပြည့်အဝ ရှိတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
UWSP ပါတီ၏ စစ်တပ်ဖွဲ့ဖြစ်သော UWSA တွင် တပ်မဟာ ၉ ခု၊ တပ်အင်အား ၃ သောင်းကျော်ရှိပြီး စစ်ရေးတိုက်ခိုက်မှုတွင် အသုံးပြုသော လက်နက်ကြီးများ အပြည့်အစုံရှိသည်ဟု သူက ဆက်ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲမှ အသစ်တက်လာမည့် စစ်အစိုးရသစ်နှင့် ဆက်လက် ဆွေးနွေးမည့် သဘောရှိသည်ဟု သူက သုံးသပ်သည်။
UWSA သည် ၁၉၈၉ တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ ထိုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးအတွက် တော်လှန်နေသော ငြိမ်းအဖွဲ့တခုဖြစ်သည့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N နယ်မြေတွင် စစ်အစိုးရတပ်နှင့် ပြီးခဲ့သည့်အပတ်က တိုက်ပွဲများ ဖြစ်ခဲ့သည်။