မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးခံခဲ့ရသော်လည်း စည်းလုံးစွာဖြင့် ငြင်းဆန်နိုင်ခဲ့သည့်အပေါ် အားရကျေနပ်မှုရှိကြောင်း ဝ’ ပြည် သွေးစည်းညီညွှတ်ရေးပါတီ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးခံခဲ့ရသော်လည်း စည်းလုံးစွာဖြင့် ငြင်းဆန်နိုင်ခဲ့သည့်အပေါ် အားရကျေနပ်မှုရှိကြောင်း ဝ’ ပြည် သွေးစည်းညီညွှတ်ရေးပါတီ UWSP ဒုဥက္ကဋ္ဌ ကျောက်ဝင်ကွမ်းက ပါတီစုံညီအစည်းဝေး၌ ပြောဆိုလိုက်သည်။
၂ဝ၁ဝ နှစ်ချုပ် စုံညီအစည်းအဝေး ပထမနေ့ကို UWSP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်( မြောက်ပိုင်း) ပန်ဆန်းမြို့၌ ဗုဒ္ဓဟူးမနက် ၈ နာရီမှ ညနေ ၃ နာရီထိ ကျင်းပခဲ့ရာ အောက်ခြေ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့နှင့် မြို့နယ်အဆင့်ဆင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၂၁၃ ဦး တက်ရောက်စဉ် ကျောက်ဝင်ကွင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဦးပေါက်ယူချန်းမှာ တက်ရောက်ခြင်း မရှိပေ။
“ကျနော်တို့ ဒုဥက္ကဌက နှစ်ချုပ်အတွက် ဆော်သြောတဲ့ မိန့်ခွန်းပြောတယ်။ အရင်နှစ် ဘယ်လိုလုပ်ခဲ့တယ်၊ အဖွဲ့ရဲ့ ဦးဆောင်တဲ့ လူတွေက တည်ငြိမ်အောင် ရပ်တည်နေတယ်ဆိုတာက အောင်မြင်မှုတွေပဲ ဆိုတာတွေ ရှင်းပြတယ်။ နောက် အောင်မြင်ဆိုတဲ့အထဲမှာ ကျနော်တို့ ချွတ်ခြံုကျတာ မရှိဘဲ ရပ်တည်နေတယ်ဆိုတာတွေ၊ နိုင်ငံရေးကပဲဖြစ်ဖြစ် ကွဲပြားသွားတာ မရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အားလုံးစုပေါင်းပြီး လုပ်နိုင်တာက အောင်မြင်မှုပဲ ဆိုတာတွေ ပြောတယ်” ဟု ဝ’ ဗိုလ်မှူးတဦးက မဇ္စျိမကို ပြောသည်။
အစည်းအဝေးကို အနည်းဆုံး ၅ ရက်ခန့်ကြာ ကျင်းပမည်ဖြစ်ပြီး၊ ယနေ့တွင် လယ်/ဆည်၊ သစ်တောနှင့် ကျန်းမာရေး ဌာနများမှ ကိုယ်စားလှယ်များက နှစ်ချုပ်အစီရင်ခံစာများ တင်ပြခဲ့သည်။ လာမည့် ရက်များတွင်၂ဝ၁၁ ခုနှစ်အတွက် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။
တိုင်းရင်းသား အခွင့်အရေးအတွက် လက်နက်ကိုင်ထားသည့် တပ်ဖွဲ့များတွင် စစ်အင်အား အတောင့်တင်းဆုံးဖြစ်ပြီး၊ တပ်အင်အား ၃ သောင်း ကျော်ရှိသည်ဟု အကဲခတ်များက ခန့်မှန်းထားသည့် UWSP ၏ တပ်မတော် UWSA သည် နယ်ခြားစောင့်တပ်ကို လက်မခံဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာမည့် အစိုးရသစ်နှင့် နိုင်ငံရေးအရ ဆွေးနွေးသွားမည်ဟု ဆိုခဲ့သည်။
ဝ’ တပ်ဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်အရေးကို လက်မခံဘဲ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် အပါအဝင် အချက် ၉ ချက် တင်ပြခဲ့မှုကို စစ်အစိုးရဘက်က ပယ်ချခဲ့သည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်ခမ်း) စသည့် ၆ မြို့နယ်ကို ခရိုင် ၂ ခု ဖွဲ့ပြီး ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားသည်။ သို့သော် ဝ’ လူမျိုးအများစု နေထိုင်သော မြို့ ၆ ခု အနက် ဟိုပန်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့ကို စစ်အစိုးရက ထိန်းချုပ်ထားသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်နေသော တိုင်းရင်းသား ငြိမ်းအဖွဲ့များဖြစ်သည့် UWSA အပါအဝင် ကချင် လွတ်မြောက်ရေး တပ်မတော် KIO၊ တိုင်းရင်းသား လူမျိုးများ ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (မိုင်းလား-NDAA)၊ ရှမ်းပြည်နယ် တပ်မတော် (မြောက်ပိုင်း - SSA-N) နှင့် မွန်ပြည်သစ်ပါတီ NMSP က ပြီးခဲ့သည့်နှစ် မေလအတွင်း မဟာမိတ် ဖွဲ့ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်တဖွဲ့ကို စစ်တပ်က တိုက်ခိုက်လာပါက စုပေါင်းကာကွယ်သွားရန်အတွက် စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့များ၊ အပစ်မရပ်စဲသော အဖွဲ့များ အပါအဝင် စုစုပေါင်း ၁၂ ဖွဲ့ အပါအဝင်ဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုကောင်စီတွင် UWSP ပါဝင်ခြင်း မရှိသေးပေ။
UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ ထံမှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ကာ၊ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။