ကချင်ပြည်နယ် မြောက်ဖျားစွန်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပူတာအိုဘက်သို့ စစ်အစိုးရ တပ်ရင်း ၃ ရင်းမှ စစ်အင်အား ၅ဝဝ ခန့် တိုးချဲ့လာသည်ဟု မျက်မြင်သက်သေများက ပြော ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်ပြည်နယ် မြောက်ဖျားစွန်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပူတာအိုဘက်သို့ စစ်အစိုးရ တပ်ရင်း ၃ ရင်းမှ စစ်အင်အား ၅ဝဝ ခန့် တိုးချဲ့လာသည်ဟု မျက်မြင်သက်သေများက ပြောသည်။
ပူတာအိုအခြေစိုက် စစ်ဗျူဟာ လက်အောက်ရှိ ခလရ ၄၆၊ ၁၃၇ နှင့် ၁၃၇ တပ်ရင်းများသို့ လွန်ခဲ့သည့် သီတင်းပတ်ကစ၍ စစ်အင်အားတိုးချဲ့နေသည်။
အသစ်ရောက်လာသောတပ်ရင်းများအတွက် ပူတာအိုတောင်ဘက် ၁၈ မိုင်တွင် စစ်တပ်စခန်းသစ်များ တည်ရန် စီစဉ်နေသဖြင့် ဒေသခံများကို ကတုတ်ကျင်းတူးရန်နှင့် ခြံစည်းရိုးကာရန်အတွက် တအိမ်တယောက် လုပ်အားပေးခေါ်နေသည်ဟု ဒေသခံများက ပြောသည်။
“ ဒီရာသီဆိုတော့ လူငယ်တွေက ရွှေမှော်သွားချင်နေတာ။ ဒါပေမဲ့ အိမ်မှာ လုပ်အားပေးမယ့်သူမရှိတော့ မသွားဖြစ်တော့ဘူး။ အတင်းအဓမ္မခိုင်းတာ”ဟု ဝါရှာယန်ရွာသားတဦးက ပြောသည်။
ဖေဖော်ဝါရီလကုန်ပိုင်းကလည်း စစ်အင်အား ၂ဝဝ ကျော် မြစ်ကြီးနားအရှေ့ ဝိုင်းမော်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၅၈ သို့ ဝင်လာသည်။
စစ်အစိုးရဘက်က စစ်အင်အားတိုးလာခြင်းသည် နယ်မြေစိုးမိုးရေးနှင့် နယ်ခြားစောင့်တပ်လက်မခံသော KIO ကချင် လွတ်မြောက်ရေးအဖွဲ့နှင့် စစ်ပွဲအတွက် ကြိုတင်နေရာယူ အင်အားဖြည့်ခြင်းဟု ကချင်အဖွဲ့က ယုံကြည်နေသည်။