ကရင်နီ ဒုက္ခသည်စခန်း မီးလောင်၊ လူ ၈၀ အိုးအိမ်မဲ့ဖြစ်

ကရင်နီ ဒုက္ခသည်စခန်း မီးလောင်၊ လူ ၈၀ အိုးအိမ်မဲ့ဖြစ်
by -
ကျော်ခ

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ တွင် စနေမနက် မီးလောင်ခဲ့ရာ နေအိမ် ၁၉ လုံး မီးထဲပါပြီး ဒုက္ခသည် ၈၀ ဦး အိုးအိမ်မဲ့ဖြစ်ရကြောင်း ...

ချင်းမိုင် (မဇ္စျိမ)။ ။ ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ တွင် စနေမနက် မီးလောင်ခဲ့ရာ နေအိမ် ၁၉ လုံး မီးထဲပါပြီး ဒုက္ခသည် ၈၀ ဦး အိုးအိမ်မဲ့ဖြစ်ရကြောင်း စခန်းကော်မတီက ပြောသည်။

မနက် ၄ နာရီခန့်တွင် ရက်ကွက် ၁၃ ရှိ အိမ်အမှတ် ၁၁၇ ၌ မီးဖို မီးကြွင်းမီးကျန်မှတဆင့် ကူးဆက်လောင်ကျွမ်းခဲ့ရာ အိမ် ၁၉ လုံး မီးထဲပါပြီး၊ ဦးရေ ၈၀ အိုးအိမ်မဲ့ ဖြစ်သွားရကြောင်း သိရခြင်း ဖြစ်သည်။ တဦးတယောက်မျှ ထိခိုက်ဒဏ်ရာ မရဘဲ နေအိမ်နှင့်အတူ အဝတ်အထည်၊ အစားအသောက်နှင့် အိမ်သုံးပစ္စည်းများအပြင် အိမ်မွေးတိရစ္ဆာန် ဝက်နှင့် ကြက်များ မီးထဲပါသွားခဲ့သည်။

“အိမ်ရှင်က ချက်ပြုတ်ပြီးတော့ သူများအိမ်မှာ သွားအိပ်နေတယ်။ အဲဒါ အိမ်က မီးစလောင်တယ်။ လူအသေအပျောက်တော့ မရှိပါဘူး။ လောင်တော့ စခန်းတွင်းမှာရှိတဲ့ ဒုက္ခသည်တွေ ဝိုင်းသတ်ကြတာပေါ့။ တနာရီလောက်ကြာတော့ မယ်ဟောင်ဆောင်က မီးသတ်ကား တစီးလာပြီး ဝိုင်းငြိှမ်းသွားတယ်” ဟု အထွေထွေအတွင်းရေးမှူး ၁ နော်ထူးလွဲက မဇ္စျိမကို ပြောသည်။ အနီးရှိ အိမ် ၂၂ လုံးမှာ မီးမဆွဲစေရန် အမိုး၊ အကာများ ဖျက်ဆီးပစ်ခဲ့ရသည်ဟု ဆိုသည်။

မီးလောင်သွားသည့် အိမ်များမှာ ဓနိသက်ကယ် မိုးထားပြီး၊ အိမ်တိုင်၊ အခင်းနှင့် အကာများကို ဝါးနှင့် ပြုလုပ်ထားသည်။

မီးဘေးသင့် ဒုက္ခသည်များကို ပြန်လည် နေရာချထားပေးနိုင်ရန် စခန်းတာဝန်ရှိသူများနှင့် Thai Burma Border Consentience (TBBC) အဖွဲ့ တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် ဆွေးနွေးခဲ့ကြသည်။

မီးဘေးဒုက္ခသည်များကို စခန်းရှိ စာသင်ကျောင်းနှင့် စခန်းကော်မတီရုံးတွင် ခေတ္တထားရှိကာ၊ အစားအသောက်နှင့် အဝတ်အထည်အတွက် TBBC က ကူညီပေးထားသည်။ မီးလောင်စဉ် ဖျက်ဆီးခဲ့ရသည့် အိမ် ၂၂ လုံးကိုမူ ပြုပြင်နေသည်။

မယ်ဟောင်ဆောင်တွင် ကရင်နီ ဒုက္ခသည်စခန်း ၂ ခုရှိပြီး အမှတ် ၁ စခန်းတွင် ဦးရေ ၁၅၁၅ နေထိုင်ပြီး၊ အမှတ် ၂ စခန်းတွင် ၃၅၆၆ ဦး နေထိုင်သည်။ ၎င်းတို့၏ စားဝတ်နေရေးကို TBBC က တာဝန်ယူပေးပြီး၊ ကျန်းမာရေးအတွက် အပြည်ပြည်ဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့ IRC က ဆောင်ရွက်ပေးသည်။

“ဒီနှစ်ကတော့ TBBC ကလည်း သူတို့အခက်အခဲကြောင့်ဆိုပြီး ရိက္ခလျှော့နေချိန်ဆိုတော့ အရင်အိမ်အတိုင်းတောင် ပြန်ဆောက်ပေးနိုင်ပါ့မလား မသိဘူး” ဟု နေအိမ်မီးထဲပါသွားသူ တဦးက မဇ္စျိမကို ပြောသည်။

စခန်းတွင်း နေထိုင်ကြသူ ကရင်နီဒုက္ခသည်များသည် ကယားပြည်နယ်အတွင်း ကရင်နီလက်နက်ကိုင်တပ်များကို စစ်အစိုးရက ထိုးစစ််ဆင်တိုက်ခိုက်မှုများတွင် ရွာများကို မီးရှို့ခြင်း၊ ပေါ်တာဆွဲခြင်း၊ စစ်ဘေးအန္တရယ် တည်ရှိခြင်း စသည့် အခြေအနေများကြောင့် ၁၉၉၀ ခုနှစ်မတိုင်ခင်ကပင် စတင်ရောက်ရှိကာ ခိုလှုံခဲ့နေခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ယခုမီးလောင်ခဲ့သည့် အမှတ် ၁ စခန်း ရပ်ကွက် ၄ ၌ပင် ပြီးခဲ့သည့်နှစ် မတ်လထဲတွင် နေအိမ် ၅၄ လုံး ဆုံးရှုံးခဲ့ရသည့် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။ ထိုစဉ်က အိမ်များကို စခန်းတာဝန်ရှိသူများနှင့် TBBC က တလအတွင်း ပြန်ဆောက်ပေးခဲ့သည်ဟု စခန်း တာဝန်ရှိသူများနှင့် ဒုက္ခသည်များ အဆိုအရ သိရသည်။

ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင် ကရင်နီဒုက္ခသည် စခန်း ၂ ခု အပါအဝင် ဒုက္ခသည် စခန်းပေါင်း ၉ ခုရှိပြီး စုစုပေါင်း ဒုက္ခသည် ၁၄၅၀၀၀ ကျော် ရှိသည်။ အဆိုပါ ဒုက္ခသည်စခန်းများမှ ၂၀၀၆-၂၀၁၀ ခုနှစ်အတွင်း ဦးရေ ၆၅၀၀၀ ကျော်ကို တတိယနိုင်ငံများသို့ ထွက်ခွါသွားခဲ့ပြီးဖြစ်သည်။