ပအိုဝ့်ပြည်သူ့စစ်များကို SSA-S တိုက်ခိုက်

ပအိုဝ့်ပြည်သူ့စစ်များကို SSA-S တိုက်ခိုက်
by -
Jai Wan Mai

ရှမ်းပြည်နယ် တပ်မတော် (တောင်ပိုင်း) SSA-S တပ်များက ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်မြို့နယ် မိုင်စစ်ဒေသရှိ ပအိုဝ့်ပြည်သူ့စစ် စစ်စခန်းများကို ၂ ရက်ကြာ တိုက်ခိုက်ခဲ့သည် ...

ချင်းမိုင် (မဇ္စျိမ) ။        ။ ရှမ်းပြည်နယ် တပ်မတော် (တောင်ပိုင်း) SSA-S တပ်များက ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်မြို့နယ် မိုင်စစ်ဒေသရှိ ပအိုဝ့်ပြည်သူ့စစ် စစ်စခန်းများကို ၂ ရက်ကြာ တိုက်ခိုက်ခဲ့သည်ဟု SSA-S သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်နေ့တွင် ရှမ်းပြည်နယ် တပ်မတော် (တောင်ပိုင်း) SSA-S တပ်သားများကို တွေ့မြင်နေရစဉ် (ဓါတ်ပုံ မဇ္စျိမ)ယခုလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၅ နာရီအတွင်း SSA-S တပ်များက လွိုင်ယီးဒေသရှိ ပအိုဝ့်ပြည်သူ့စစ် စစ်စခန်း ၂ ခုနှင့် ယခုလ ၁ ရက်နေ့ မနက် ၁၁ နာရီမှ ညနေ ၆ နာရီခန့်အထိ နမ့်ဆန်မြို့နယ် မိုင်စစ်မြို့နယ်ခွဲ ဝမ်ဟန်းဒေသရှိ စစ်စခန်း ၂ ခုကို SSA-S က တိုက်ခိုက်ခဲ့ကြောင်း SSA-S ဝဘ်ဆိုဒ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

G3 ၃ လက်၊ MA1 တလက်၊ M16 ၂ လက်၊ M79 တလက်၊ M60 စက်သေနတ် တလက်၊ ဘိန်း ၆ဝဝ ပိဿာခန့်၊ မူးယစ်ဆေးဝါး ထုတ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒ ပစ္စည်း ၅ ဂါလံနှင့် ဆိုင်ကယ် ၃ စီးကို SSA-S က သိမ်းဆည်းရမိကာ၊ တိုက်ခိုက်မှှုများအတွင်း ပအိုဝ့် ပြည်သူ့စစ် ၆ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပအိုဝ့်လက်နက်ကိုင်အုပ်စုသည် ၂ဝဝ၉ ခုနှစ်ကတည်းက ပြည်သူ့စစ် အသွင်ပြောင်းခဲ့ပြီး၊ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်ထံမှ  အထောက်အပံ့များ ပိုမိုရရှိလာခဲ့သည်ဟုလည်း ဆိုထားသည်။

လတ်တလောတွင် နမ့်ဆန်နှင့် မိုင်းပွန်မှ မြန်မာစစ်တပ်များသည် ပအိုဝ့်ပြည်သူ့စစ်များကို စစ်ကူပေးရန် ပြင်နေသည်။

နမ့်ဆန်မှ ဒေသခံတဦးက ပအိုဝ့်ပြည်သူ့စစ်သည် စစ်စခန်းများ၌ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေပြီး၊ ၎င်းတို့ကို မြန်မာစစ်တပ်က အပြည့်အဝ ကာကွယ်ပေးထားသဖြင့် မြန်မာအာဏာပိုင်များသည် ပအိုဝ့်ပြည်သူ့စစ်များထံမှ ဝင်ငွေများစွာ ရရှိခဲ့သည်ဟု SSA-A က ဆိုသည်။

မိုင်စစ်ဒေသတွင် ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် ပအိုဝ့်အမျိုးသားအဖွဲ့ PNO အပါအဝင် ပြည်သူ့စစ် အုပ်စုများစွာ ရှိနေပြီး၊ မူးယစ်ဆေးဝါးမှ ရရှိသည့် ဝင်ငွေအပေါ်တွင် မီခိုနေသည်ဟု ဖော်ပြထားသည်။ ထိုအုပ်စုများအချင်းချင်း အုပ်စုအကျိုးစီးပွားအတွက် အပြိုင်အဆိုင် ကြိုးပမ်းရာမှ ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။  

“အဲဒီ ပြည်သူ့စစ်အုပ်စုတွေဟာ စစ်အစိုးရရဲ့ အသုံးချမှှုကို ခံနေရတာပါ။ ပြီးတော့ တကိုယ်ကောင်းဆန်ကြတဲ့အတွက် သူတို့ရဲ့ မူလရည်မှန်းချက်တွေလည်း ပျောက်ဆုံးကုန်ပါပြီ။ သူတို့ဟာ အရပ်သားတွေကို မြန်မာစစ်တပ်ရဲ့ ဘေးရန်ကနေ ကာကွယ်စောင့်ရှောက်ပေးရမယ့်အစား မာဖီးယားဂိုဏ်းတွေလို လုပ်နေကြပါတယ်” ဟု လေ့လာသူတဦးက ဆိုသည်။

စစ်ရေး လေ့လာသုံးသပ်သူ တဦးကလည်း “ပြည်သူ့စစ် အသွင်ပြောင်းလိုက်တဲ့ လက်နက်ကိုင် အုပ်စုတွေဟာ SSA-S ရဲ့ ပစ်မှတ်တွေ ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအုပ်စုတွေဟာ စစ်အစိုးရရဲ့ အသုံးချခြင်းကို ခံနေရပြီးတော့ စစ်အစိုးရရဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေကြလို့ပါ။ SSA-S ကတော့ သူ့မှာ သီးခြား ရည်ရွယ်ချက် ရှိပါတယ်။ အဲဒါကတော့ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ဖို့ပါပဲ” ဟု ဆိုသည်။

SSA-S သည် စစ်အစိုးရကို ရှမ်းပြည်နယ်အတွင်းမှနေ၍ ဆန့်ကျင်တိုက်ခိုက်နေသည့် တခုတည်းသော ရှမ်းလက်နက်ကိုင် အင်အားစုဖြစ်ပြီး၊ ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်နိမိတ်တွင် အခြေစိုက်ထားသည်။ SSA-S ရှမ်းတပ်မတော်၏ ခေါင်းဆောင်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဖြစ်သည်။  

အခြားလက်နက်ကိုင် အုပ်စု ၃ ခု ဖြစ်သည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ တိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား) နှင့် ရှမ်းပြည်နယ် တပ်မတော် (မြောက်ပိုင်း) (SSA-N) သည်လည်း မြန်မာ-တရုတ်နယ်စပ်တွင် ရှိသည်။ ထိုအုပ်စုများသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှှုကို ခံနေရသော်လည်း ငြင်းဆန်နေဆဲ ဖြစ်သည်။