အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်နှစ်ရပ် ဥပဒေ မူကြမ်းကော်မတီ ဥက္ကဋ္ဌများသည် သူတို့၏ လွှတ်တော်ဒုဥက္ကဋ္ဌ တာဝန်များမှ နုတ်ထွက်သင့်မသင့်နှင့် ပတ်သက်၍ အမတ်များအကြား မရှင်းမလင်း ဖြစ်နေ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်နှစ်ရပ် ဥပဒေ မူကြမ်းကော်မတီ ဥက္ကဋ္ဌများသည် သူတို့၏ လွှတ်တော်ဒုဥက္ကဋ္ဌ တာဝန်များမှ နုတ်ထွက်သင့်မသင့်နှင့် ပတ်သက်၍ အမတ်များအကြား မရှင်းမလင်း ဖြစ်နေသည်။
အင်္ဂါနေ့က ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် “ဥပဒေကြမ်း ကော်မတီ အဖွဲ့” စာရင်းကို သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌများက ကြေညာခဲ့ရာ ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြညိမ်းတို့လည်း ပါဝင်နေသည်။ ထို့နောက် သူတို့ကို ကော်မတီ ဥက္ကဋ္ဌများအဖြစ် လွှတ်တော် ဥက္ကဋ္ဌများကပင် ခန့်အပ်ခဲ့သည်။
လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေမှ လွှတ်တော် ကော်မတီဝင် အဖြစ်မှ ရပ်စဲခြင်း၌ “အောက်ဖော်ပြပါ ရာထူး တခုခုသို့ ရွေးချယ် တင်မြှောက်ခံရပါက ကော်မတီဝင် အဖြစ်မှ အလိုအလျောက် ရပ်စဲသည်။ (၁) လွှတ်တော် ဥက္ကဋ္ဌ၊ (၂) လွှတ်တော် ဒုဥက္ကဋ္ဌ” ဟု ဖွင့်ဆိုထားမှုအပေါ် မရှင်းလင်းကြခြင်း ဖြစ်သည်။
“တကယ်တော့ လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်ရင် ကော်မတီဝင်ကို လုပ်လို့မရတော့ဘူး။ သူက သီးသန့် ဥက္ကဋ္ဌလုပ်ရင် ကော်မတီဝင်က သပ်သပ် ၁၅ ယောက်ရွေး။ ကော်မတီဝင် ၁၅ ဦးနာမည် ကြေညာတဲ့အခါမှာ မနေ့ကလည်း ဒုဥက္ကဋ္ဌ အဖြစ်ကနေ မနုတ်ထွက်ဘူး” ဟု အမတ်တဦးက မဇ္စျိမကို ပြောသည်။
“ကော်မတီဝင်ဆိုတာ ဥက္ကဋ္ဌအပါအဝင် ၁၅ ယောက်လုံးပဲလေ။ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ထောက်လို့ရတာပဲ။ ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ဆိုတဲ့ ပုံစံမျိုးနဲ့ သူက ကြေညာလိုက်တယ်။ ကြေညာလိုက်တဲ့ လူတွေကိုပဲ သီးသန့်ခေါ်တွေ့ပြီးတော့ သူတို့ လုပ်နိုင်မလုပ်နိုင် မေးတယ်။ လွှတ်တော်ကို ကန့်ကွက်ဖို့ တောင်းတာလည်း မဟုတ်ဘူး။ ချပေးတာပဲ” ဟု အခြားအမတ်တဦးက ပြောသည်။
ကော်မတီဥက္ကဋ္ဌသည် ကော်မတီအစည်းအဝေးများ၏ သဘာပတိဖြစ်ပြီး ဥက္ကဋ္ဌ မရှိပါက ကော်မတီဝင်များက မိမိတို့ထဲမှ ရွေးကောက်တင်မြှောက်သော ကော်မတီဝင်သည် အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဟုလည်း လွှတ်တော်နည်းဥပဒေတွင် ဖော်ပြထားသဖြင့်် ဥက္ကဋ္ဌသည် ကော်မတီဝင်သာဖြစ်သည်ဟု အမတ်တဦးက ထောက်ပြသည်။
ကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း နည်းဥပဒေတွင်လည်း ကော်မတီဥက္ကဋ္ဌမရှိလျှင် သဘာပတိတာဝန် ထမ်းဆောင်သော ကော်မတီဝင်တဦးက လက်မှတ်ရေးထိုး တင်ပြနိုင်သည်ဟုလည်း ဖော်ပြထားရာ “ပထမတခေါက်ရွေးရင် ဒီတယောက်ဖြစ်မယ်ဗျာ၊ နောက်တခေါက်ရွေးရင် နောက်တယောက် ဖြစ်နိုင်တယ်။ သဘာပတိသည် ပုံသေမဖြစ်နိုင်ဘူး။ ကော်မတီဝင်တွေက သဘာပတိနေရာမှာလည်း ထမ်းဆောင်နိုင်တဲ့အတွက် ဥက္ကဋ္ဌသည် ကော်မတီဝင်နဲ့ ဘာမှမထူးတဲ့ ပုံစံဖြစ်တဲ့အတွက် ဥက္ကဋ္ဌသည်လည်း ကော်မတီဝင်လို့ ယူဆလို့ရနေတာပဲ” ဟု အမတ်က ထောက်ပြသည်။
ထပ်မံဖွဲ့စည်းရဦးမည့် လွှတ်တော်အခွင့်အရေး ကော်မတီ၌မူ လွှတ်တော်ဒုဥက္ကဋ္ဌသည် “ရာထူးအလျောက်” ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဟု ဖော်ပြထားသော်လည်း ဥပဒေကြမ်းကော်မတီ၌မူ ယင်းသို့ဖော်ပြထားခြင်း မရှိကြောင်း အမတ်တဦးက ဆိုသည်။
“မနေ့က ခန့်ကတည်းက နည်းဥပဒေမှာ သူညွှန်ထားတာနဲ့တော့ နည်းနည်းကွဲလွဲနေတယ်လေ။ လွှတ်တော်အခွင့်အရေး ကော်မတီမှာ ဥက္ကဋ္ဌလုပ်ရမှာ ဥပဒေကြမ်းကော်မတီမှာ လာလုပ်နေတယ်။ လွှတ်တော်အခွင့်အရေး ကော်မတီ ဖွဲ့ရဦးမယ်လေ။ ဘယ်သူ ဥက္ကဋ္ဌဖြစ်မလဲ ပြန်စောင့်ကြည့်ရဦးမယ်။ ဒါတွေကလည်း အသစ်အဆန်းတွေဆိုတော့” ဟု သူက ပြောသည်။
ကြံ့ခိုင်ရေးအမတ် ဦးတင်အေးကို ပါတီဝင်ဖြစ်ခွင့် မရှိသဖြင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အသစ်နေရာ ခန့်အပ်စဉ်ကလည်း ကြံ့ခိုင်ရေးအမတ််အဖြစ်မှ နုတ်ထွက်ကြောင်း လွှတ်တော်သို့ တရားဝင် မကြေညာခဲ့သဖြင့် လွှတ်တော် ဒုဥက္ကဋ္ဌများလည်း လျှို့ဝှက်ပြီး နုတ်ထွက်ထားကြမလားဟု သံသယများလည်း ရှိနေကြသည်။
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၁၃၇ (ခ) နှင့် ၁၅၇ (ခ) တို့တွင်မူ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တရပ်ရပ်သည် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း ဖြန့်ဝေတင်ပြသော နေ့ရက်မှ ရက်ပေါင်း ၉ဝ အတွင်း အဆိုတင်သွင်းနိုင်သည်ဟု ဖော်ပြထားသည်။