အာဏာ လက်လွတ်ခဲ့ရသော မော်လဒိုက် သမ္မတဟောင်း ဂေရွန် မိသားစုနှင့် အပေါင်းအပါများ၏ လျှို့ဝှက် ငွေစာရင်းများကို စစ်ဆေးရာမှ ဂေရွန်မိသားစုနှင့် ထိပ်တန်း မြန်မာ စစ်ခေါင်းဆောင်များ ...
ဘန်ကောက် (မဇ္ဈိမ) ။ ။ အာဏာ လက်လွတ်ခဲ့ရသော မော်လဒိုက် သမ္မတဟောင်း ဂေရွန် မိသားစုနှင့် အပေါင်းအပါများ၏ လျှို့ဝှက် ငွေစာရင်းများကို စစ်ဆေးရာမှ ဂေရွန်မိသားစုနှင့် ထိပ်တန်း မြန်မာ စစ်ခေါင်းဆောင်များအကြား အဆက်အသွယ်ရှိကြောင်း တွေ့ရသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် The Week မဂ္ဂဇင်းက ရေးသားသည်။
အိန္ဒိယ သမုဒ္ဒရာတွင်းရှိ မော်လဒိုက်ကျွန်းနိုင်ငံကို နှစ် ၃ဝ ကြာ အုပ်ချုပ်ခဲ့သော မာရူမွန် အဗ္ဗဒူ ဂေရွန်၏ မိသားစုသည် အမေရိကန် ဒေါ်လာသန်း ၈ဝဝ တန် မှောင်ခိုလောင်စာဆီ ရောင်းဝယ်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး၊ စစ်အစိုးရနှင့် ဆက်သွယ်ကာ လောင်စာဆီ မှောင်ခိုရောင်းချခဲ့သည်ဟု The Week သတင်းတွင် ပါရှိသည်။
မိုဟာမက်နရှစ်ရှ်က အနိုင်ရသွားပြီး၊ ဂေရွန် ပြုတ်ကျသွားခဲ့သည်။
သမ္မတဟောင်း ဂေရွန်၏ ညီအကိုတော်သူ တဦးဖြစ်သော ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဆိုင်ရာ ဝန်ကြီးဟောင်း အဗ္ဗဒူလာ ရာမင်း အဗ္ဗဒူဂေရွန်က ငွေကြေးခဝါချမှု လုပ်ရာတွင် အခရာကျသူ ဖြစ်သည်။
ဂေရွန်တို့က စစ်အစိုးရ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ် လွန်းသီတို့နှင့် အဆက်အသွယ် ရှိသည်။ နှစ်ဖက်ဆက်ဆံရေး ကြားပွဲစားမှာ ဒုဗိုလ်ချုပ်မှူးကြီး၏ လက်ရင်းလူယုံတဦးဖြစ်သော ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇ ဘောလုံးကလပ်ပိုင်ရှင် ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်းဟု The Week က ရေးသည်။
ထို့အပြင် စစ်အစိုးရအဖွဲ့အတွင်း သြဇာညောင်းပြီး ယခု မန္တလေးတိုင်း တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းထံမှလည်း အကူအညီ ရပြန်သည်ဟု ဆိုသည်။ ဘိန်းဘုရင် လောစစ်ဟန်၏ သား၊ အေးရှားဝေါ ကုမဏီပိုင်ရှင် စတီဗင်လော၊ ဇနီး စီဆီလီယာအန်းနှင့်လည်း ဂေရွန်တို့ ဆက်စပ်နေပြန်သည်ဟု မဂ္ဂဇင်းက ဆိုထားပြန်သည်။
“မြန်မာစစ်အုပ်စု၏ ငွေမည်းများကို စင်္ကာပူကုမ္ပဏီများမှတဆင့့်် လျှော်ဖွပ်ပေးနေသည်ဆိုသော သံသယဖြင့်” စီဆီလီယာမှာ အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနမှ စောင့်ကြည့်ခံနေရသူဟုလည်း ပါရှိသည်။
ဆွန်နီမူဆလင်များသာ နေထိုင်သော မော်လဒိုက်နိုင်ငံမှ မြန်မာနိုင်ငံကို လောင်စာဆီ လျှို့ဝှက်ရောင်းချခဲ့သည်။
ရေနံရောင်းနိုင်ငံများအဖွဲ့ (အိုပက်) က မော်လဒိုက်သို့ လောင်စာဆီကို စျေးသက်သာစွာဖြင့် ထောက်ပံ့ ရောင်းချသည်ကို သမ္မတဟောင်း ဂေရွန်က အလွဲသုံးစားလုပ်ကာ မော်လဒိုက်အတွက်ဆိုကာ မြန်မာ အပါအဝင် နိုင်ငံအချို့သို့ မှောင်ခို ပြန်ရောင်းခဲ့သည်။
စစ်အစိုးရသို့ ရေနံရောင်းချသော Mocom Trading Pte. Ltd ကို အဓိက အစုရှယ်ယာရှင် ၄ ဦးနှင့် ဒါရိုက်တာများမှာ မြန်မာပြည်သား ကမာဘင်ရာရှစ်၊ မလေးနိုင်ငံသား ရာဂျာ အဗ်ဒူလ် ရာရှစ် ဘင်ရာဂျာ ဘာဒီယိုဇာမန်း၊ မော်လဒိုက် နိုင်ငံသား ဖထိမာ အရှန်နှင့် ဆာနာမန်ဆိုဝါတို့ ဖြစ်ကြသည်။ ကျန်ဒါရိုက်တာ တဦးကမူ စင်္ကာပူ STO မှ မူနက်ဇ် ဖြစ်သည်။
Mocom မှ စစ်အစိုးရသို့ ရောင်းချသည့် စျေးနူန်းထက် စင်္ကာပူ STO ငွေစာရင်းတွင် ရေနံတစည်လျှင် ၅ ဒေါ်လာ ပိုမိုပြထားခဲ့သည်ဟု The Week က ဖော်ပြထားသည်။ အမှန်တကယ် ရောင်းချရငွေနှင့် စာရင်းပြ ကွာဟငွေမှာ ဒေါ်လာ ၅,၆၇၂,၁ဝဝ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟုလည်း ပါရှိသည်။