တိုင်းရင်းသားအမတ်များ ပိတ်ဆို့မှု ရုတ်သိမ်းရေး တောင်းဆို

တိုင်းရင်းသားအမတ်များ ပိတ်ဆို့မှု ရုတ်သိမ်းရေး တောင်းဆို
by -
ဖနိဒါ

တိုင်းရင်းသား ဒေသများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသဖြင့် နိုင်ငံတကာက မြန်မာစစ် အစိုးရ အပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကို ရုတ်သိမ်းပေးရန် ရွေးကောက်ပွဲဝင် ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းနှင့် ဖလုံ-စဝေါ် ...

ချင်းမိုင်(မဇ္စျိမ)။     ။ တိုင်းရင်းသား ဒေသများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသဖြင့် နိုင်ငံတကာက မြန်မာစစ် အစိုးရ အပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကို ရုတ်သိမ်းပေးရန် ရွေးကောက်ပွဲဝင် ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းနှင့် ဖလုံ-စဝေါ် စသည့် တိုင်းရင်းသားပါတီတို့က တောင်းဆိုလိုက်သည်။

ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီများက အနိုင်ရ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂ဝ ကျော်က ယခုလ ၁၅ ရက်တွင် ဆုံးဖြတ်တောင်းဆိုခဲ့ကြသည်။

“ကုန်သွယ်မှု ပိတ်ဆို့ခြင်းကြောင့် ကျနော်တို့ဆီမှာ တရုတ်နဲ့ ထိုင်းပစ္စည်းတွေဘဲရှိတယ်၊ ပစ္စည်းကောင်းတွေ မရှိဘူး။ quality ကောင်းတဲ့ ကွန်ပျူတာ၊ Calculator ၊ နာရီကအစ မရှိဘူး။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အထိနာတယ်။...ဒီ ပိတ်ဆို့မှုက နိုင်ငံရေးကစားတာဘဲ။ တိုင်းရင်းသားတွေ နာတာပေါ့”ဟု ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်းက ပြောသည်။

သူ့အနေဖြင့် စီးပွားရေး ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ဘဏ်၊ အရှေ့တောင်အာရှဘဏ်များတွင် ငွေချေးခွင့်မရဘဲ ကျောက်မျက်ရတနာ၊ သစ်ထုတ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်းများ ပိတ်ဆို့ခံနေရ၍ စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးနေရသည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ အမျိုးသားလွှတ်တော်မှ ဒုတိယ သမ္မတနေရာနှင့် ပြည်နယ်ဝန်ကြီး နေရာများကို အနိုင်ရထားသည့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များထဲမှ ခွဲဝေပေးရန် ဇန်နဝါရီလ ၃၁ ရက် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် တင်ပြရန် တောင်းဆိုထားသည်။

မြန်မာ့စီးပွားရေး မဖွံ့ဖြိုးခြင်းမှာ လက်ရှိ စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟု ပြောဆိုနေကြသဖြင့် တက်လာမည့် အစိုးရသစ်တွင် စီးပွားရေး ပညာရှင်များ ပါလာရန် အရေးကြီးသည်ဟု ဦးဇိုဇမ်းက ဆိုသည်။

အလားတူ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူများ ရုပ်သိမ်းပေးရန် ယခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားတွင် ကျင်းပသည့် အစည်းအဝေးတွင် မနေ့က ပြောဆိုလိုက်သည်။

စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွင် ပြည်သူလူထုနှင့် တိုက်ရိုက် ဆက်စပ်နေသည့် အထည်ချုပ် လုပ်ငန်းကဲ့သို့ လုပ်ငန်းများကို ပယ်ဖျက်သင့်သော်လည်း အခြား အစိုးရ စစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကိုမူ ဆက်လက် ပိတ်ဆို့ထားသင့်ကြောင်း မွန်ပြည်သစ်ပါတီမှ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ လုပ်ငန်းမှာတော့ ဖွင့်ပေးဖို့ ကောင်းပါတယ်။ ဒါပေမဲ ့လူနည်းစု ဒါမှမဟုတ် အစိုးရနဲ့ အသိုင်းအဝိုင်းတွေဘဲ အကျိုးရှိမယ့် လုပ်ငန်းမျိုး၊ ပွင့်လင်းမြင်သာမှု မရှိတဲ့လုပ်ငန်းမျိုးက ပြည်သူလူထုကို ထိခိုက်စရာ မရှိပါဘူးလို့ မြင်တယ်။ ဒါပေမဲ့ မြေသိမ်းပြီးတော့ အကောင်အထည်ဖော်တဲ့ လုပ်ငန်း၊ တာတမံဆောက်တဲ့ လုပ်ငန်းတွေကိုတော့ ပိတ်ဆို့ဖို့ သင့်ပါတယ်”ဟု မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

လက်ရှိ စစ်အစိုးရ၊ တရုတ်နှင့် ထိုင်းနိုင်ငံများမှ ကုမ္ပဏီများက အကောင်အထည် ဖော်နေသော ထားဝယ် ရေနက်ဆိပ်ကမ်း၊ ရွှေဂက်စ် ပိုက်လိုင်းများနှင့် ရေကာတာ စီမံကိန်းလုပ်ငန်းများသည် ဒေသခံများ အကျိုးစီးပွား မရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများသာ ရှိနေသဖြင့် အဆိုပါ ကိစ္စများကို ပြန်စဉ်းစားပေးသင့်ကြောင်း သူက မဇ္စျိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရင်းနှီးမြုှပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး အခြေအနေများ မထိခိုက်စေရန် ထည့်သွင်း တွက်ချက်ခြင်း၊ အလုပ်သမားအခွင့်အလမ်းများ လေးစား လိုက်နာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်မှုကို အလေးထားခြင်း၊ နည်းပညာ မြင့်မားသော ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ဦးစားပေးခြင်း စသည့် မူဝါဒအဖြစ် စွဲကိုင်ထားရန် လိုအပ်သဖြင့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ၏ အကျိုးဆက်များကို သုံးသပ်ရန် လိုအပ်ကြောင်း ယခုလ ၄ ရက်က ထုတ်ပြန်ထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီ တိုးတက်ရေး ပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSPနှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP တို့ကလည်း နိုင်ငံရေးအရအမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးကော်မတီကို မကြာသေးခင်က ဖွဲ့စည်းခဲ့သည်။

ယခုလ ၁၁ မှ ၁၄ ထိ ၄ ရက်ကြာ ကျင်းပသော ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ကော်မတီဝင် ၂ဝ ကျော်က စစ်အစိုးရက နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန်လည်း တောင်းဆိုထားကာ စစ်အစိုးရ ထိုးစစ်ဆင်လာပါက စုပေါင်းခုခံကြရန် သဘောတူထားပြီး လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများနှင့် မကြာမီ မျက်နှာစုံညီ ညီလာခံ တရပ်ခေါ်ယူကျင်းပမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်အစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေးအရ အပြုသဘောဆောင်သည့် အကောင်းဘက် ဦးတည်သည့် အပြောင်းအလဲ မပြုလုပ်မချင်း စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဆက်လက် ထားသင့်ကြောင်း အဆိုပါ ကော်မတီ ပြောခွင့်ရ ဦးရွှေမျိုးသန့်က ပြောသည်။

စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စစ်အစိုးရ ခေါင်းဆောင်များ၏ မိသားစုများ၊ သူတို့နှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များကို အမေရိကန်အပါအဝင် အနောက်နိုင်ငံများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။

Most read this week