ပဲခူးတိုင်း သာယာဝတီခရိုင်ရှိ ဒေသ အများအပြားတွင် "ဒေသစားသုံးဆီ ဖူလုံရေး" အမည်တပ်၍ အာဏာပိုင်များက နေကြာပင်များ အဓမ္မ စိုက်ခိုင်းနေသဖြင့် စိတ်ပျက်ရ ...
ရန်ကုန် (မဇ္စျိမ) ။ ။ ပဲခူးတိုင်း သာယာဝတီခရိုင်ရှိ ဒေသ အများအပြားတွင် "ဒေသစားသုံးဆီ ဖူလုံရေး" အမည်တပ်၍ အာဏာပိုင်များက နေကြာပင်များ အဓမ္မ စိုက်ခိုင်းနေသဖြင့် စိတ်ပျက်ရကြောင်း ဒေသခံ တောင်သူများ အဆိုအရ သိရသည်။
စိုက်ပျိုးရေးဌာနက ဒေသ အာဏာပိုင်များမှတဆင့် နေကြာပင်မျိုးများကို တဧကလျှင် တပြည်နှုန်း မဖြစ်မနေ စိုက်ခိုင်းကာ၊ တပြည်လျှင် ကျပ်တထောင်နှုန်းဖြင့် မယူမနေရ ယူနေရသည်။ စီးပွားရေးအရ တွက်ခြေကိုက်သည့် ပဲစိုက်ပျိုးချိန်တွင် ယင်းသို့ နေကြာ စိုက်ပျိုးခိုင်းသည်မှာ ၄-၅ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်၍ လယ်သမားများ စိတ်အနှောင့်အယှက် ဖြစ်နေခြင်း ဖြစ်သည်။
"စိုက်ချိန်တန်ရင် လာတယ်။ လယ်သမားတိုင်း မယူမနေရဆိုပြီး လိုက်ပေးတာ။ နေကြာက မဖြစ်ဘူး။ ကိုက်လည်း မကိုက်ဘူး" ဟု အုတ်ဖိုမြို့နယ် မတောင့်တ ကျေးရွာမှ တောင်သူအဘွားအို တဦးက မဇ္စျိမကို ပြောသည်။
မိုးစပါးအပြီး ပဲစိုက်ပျိုးချိန်တွင် ပဲခင်းအတွင်း နေကြာပင်များကို ရောနှော စိုက်ပျိုးခိုင်းခြင်းကြောင့် ပဲခင်းများအကြား နေကြာအရိပ်ခိုပြီး ကြွက်များ၊ ပုရစ်များ များပြားလာကြောင်းနှင့် ပဲခင်းအများအပြားပါ ပျက်စီးသဖြင့် မစိုက်လိုကြောင်း တောင်သူများအဆိုအရ သိရသည်။
ဒေသစားသုံးဆီ ဖူလုံရေးအတွက်ဟု ဆိုသော်လည်း ယင်းနေကြာမျိုးများမှာ ခရိုင်အဆင့်၊ တိုင်းအဆင့် ဒေသအာဏာပိုင်များ၏ ရန်ပုံငွေ ရှာဖွေမှုဖြစ်ကြောင်း ဒေသခံများက ယုံကြည်နေသည်။
"မရှိလို့ အခွင့်အရေး တောင်းချင်ရင် တောင်းလိုက်။ လယ်သမား ပဲစိုက်လို့ ဒါတွေ ကူညီပေးပါဆို ပေးရုံပဲ။ ဒါကြီး ဘယ်သွားစိုက်မလဲ။ ပဲပင်တွေတောင် မနည်းရှင်အောင် စိုက်နေရတာ။ အမယ်လေး.. တခါတလေဆို စပါးရောင်းပြီး ပေးရတယ်" ဟု မင်းလှမြို့နယ် ကျေးရွာတရွာနေ တောင်သူတဦးက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သာယာဝတီခရိုင်အတွင်း မြို့နယ် ၈ မြို့နယ်အနက်မှ အုတ်ဖိုမြို့နယ် မယကရုံးသို့ မဇ္စျိမက ဆက်သွယ်မေးမြန်းရာ ဒေသစားသုံးဆီ ဖူလုံရေးအတွက် ခရိုင်အဆင့်၊ တိုင်းအဆင့် ညွှန်ကြားချက် ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
အချို့ကျေးရွာများတွင် ရပ်မိရပ်ဖများနှင့် ညှိနှိုင်းကာ မျိုးနေကြာကို တောင်သူများကို မပေးဘဲ ဆီစက်များသို့ အရှုံးခံ သွင်းခြင်းမျိုး ရှိနေကာ၊ မယကသို့ နေကြာဖိုးသွင်းချိန်၌ လိုအပ်သည့် ငွေကြေးကို အချိုးကျ စုပေါင်း စိုက်ထည့်ပေးသည့် နည်းဖြင့် ဖြေရှင်းသူများလည်း ရှိနေသည်။
"၂ ဧက စိုက်တာ တခွဲ (၈ ပြည်) လောက်ပဲ ရတယ်။ အဲဒါလေးတွေကို နည်းနည်းပါးပါး ပြာတီး (သန့်စင်) ပြီး ရေအိုးလေးနဲ့ ထည့်ထားပြီး ပြရတယ်။ မျိုးတော့ မဝယ်နိုင်ဘူး...။ အမေကြီးမှာ ရှိတယ်၊ စိုက်ဆို စိုက်ပေးမယ်..။ လယ်အများကြီး လုပ်လာတာ ဒါလေးတော့ ရတယ်လို့ တောင်းပန်ရတယ်" ဟု အဘွားအိုက ဆိုသည်။
လက်ရှိတွင် တောင်သူများ၏ လက်တွင်းသို့ မျိုးနေကြာများ မရောက်သေးသော်လည်း အာဏာပိုင်များက ဝေငှရန် စီစဉ်နေပြီး၊ ယခုနှစ်တွင် ရွေးကောက်ပွဲကြောင့် အတင်းအဓမ္မ စိုက်ပျိုးသည့် အစီအစဉ်ကို နောက်ဆုတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။