ကြံ့ဖွံ့မှအပ ပူးပေါင်းမည်ဟု မွန်ပါတီ ပြော

ကြံ့ဖွံ့မှအပ ပူးပေါင်းမည်ဟု မွန်ပါတီ ပြော
by -
ဆလိုင်းထွန်း

လွှတ်တော်ထဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှလွဲ၍ ကျန်ပါတီများနှင့် လူမျိုးမခွဲခြားဘဲ ပူးပေါင်း ဆောင်ရွက်မည်ဟု  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP က ပြော ...

နယူးဒေလီ (မဇ္စျိမ)။     ။ လွှတ်တော်ထဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှလွဲ၍ ကျန်ပါတီများနှင့် လူမျိုးမခွဲခြားဘဲ ပူးပေါင်း ဆောင်ရွက်မည်ဟု  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP က ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရပါတီ ၂၂ ပါတီရှိပြီး တသီးပုဂ္ဂလ ၆ ယောက် အရွေးခံရသည်။ မွန်ပါတီကတော့ မဲအများစု အနိုင်ရ စစ်အစိုးရ၏ ကြံ့ခိုင်ရေးမှအပ ကျန်ပါတီ လူပုဂ္ဂိုလ်များကို လက်ကမ်းလိုက်ခြင်းလည်း ဖြစ်သည်။

“လွှတ်တော်ထဲမှာ ပူးပေါင်းဖို့ ရှိပါတယ်။ တိုင်းရင်းသားက များသောအားဖြင့် အမြင်တူ၊ ရည်ရွယ်ချက်တူ၊ သဘောထား တူတဲ့ဟာ ရှိတယ်။ လွတ်လပ်သော၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော၊ စစ်မှန်သော ဒီမိုကရေစီ၊ ပါတီစုံ ဒီမိုကရေစီ ဒါတွေပေါ့ဗျာ။ တူတဲ့အပေါ်မှာ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းမယ်” ဟု AMRDP ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “တခြား ဒီမိုကရက်တစ် ပါတီတွေလည်း အမြင်တူရင် ပူးပေါင်းမယ်။ ဗမာနဲ့ တိုင်းရင်းသားနဲ့ ခွဲခြားတာ မဟုတ်ဘူး။ တခါတလေ ဗမာက လူမျိုးလေးတွေကို ကျဉ်းမြောင်းသော အမြင်ရှိတယ်။ တိုင်းရင်းသားကလည်း ဗမာဆိုရင် လူမျိုးကြီးဝါဒ ဘာညာ ရှိတယ်ပေါ့။ ဒါတွေက တကယ့် နိုင်ငံရေး အတွေးအခေါ်နဲ့ သဘောထားကြီးကြီးနဲ့ လုပ်မယ်ဆိုရင် ရပါတယ်” ဟု ဆိုသည်။

AMRDP က ကိုယ်စားလှယ်လောင်း ၃၄ ဦးအနက် ၁၆ ဦး အနိုင်ရခဲ့သည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကမူ ၈၈၂ နေရာ အနိုင်ရပြီး၊ ကျန်ပါတီများမှာ ၂၇၂ နေရာ ရရှိသည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ကြံ့ဖွံ့က ပြည်သူ့လွှတ်တော်တွင် ၂၅၉ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၂၉ နှင့် ပြည်နယ်/တိုင်း ဒေသကြီးတွင် ၄၉၄ နေရာ ရရှိကြောင်း မဇ္စျိမက လေ့လာစုဆောင်းထားသည့် စာရင်းများအရ သိရသည်။

AMRDP အနိုင်ရ ကိုယ်စားလှယ်များမှာကို နိုင်ငံရေး သင်တန်းများ၊ လွှတ်တော်အတွင်း လုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် စသည့် ပညာပေး သင်တန်းများကို ယခုလအတွင်း ပို့ချသွားမည်ဟု ပါတီက ပြောသည်။

လက်ရှိတွင် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွံ့ပါတီက AMRDP ကို စည်းရုံးခြင်း မရှိသေးကြောင်းနှင့် လွှတ်တော်ထဲ ချဉ်းကပ်လာလျှင်လည်း ပူးပေါင်းဆောင်ရွက်ရေး အနေအထားမရှိဘဲ ရပ်တည်သွားမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။

AMRDP ကို အဖွဲ့ဝင် ၁၅ ဦး ဦးဆောင်ဖွဲ့စည်းထားပြီး ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် ရရှိသည်။