ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူရေး အစီအစဉ်မှာ အချိန်စောနေသေးကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ...
ချင်းမိုင်(မဇ္စျိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူရေး အစီအစဉ်မှာ အချိန်စောနေသေးကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ စဝ်ယွမ်းပိုင်က ဝေဖန်လိုက်သည်။
“ဒီကဏ္ဍက သိပ်ပြီးတော့ စောလွန်းသေးတော့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးဆိုတာက လောလောဆယ် ဆုံးဖြတ်လို့ အင်မတန်မှ ခက်ခဲတဲ့ လုပ်ငန်းပါ။ ပြည်ထောင်စု အစစ်အမှန်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အဓိက ထားပါတယ်။ အင်မတန်ကောင်းပါတယ်” ဟု ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ ရှမ်းပြည်တောင်ပိုင်း တာဝန်ခံ စဝ်ယွမ်းပိုင်က ပြောသည်။
ကျားဖြူပါတီ ရှမ်းပြည်တောင်ပိုင်း အထွေထွေ အတွင်းရေးမှူး စိုင်းမောင်တင်၊ ပင်လုံမှ ဗဟိုအလုပ်အမှုဆောင် စောစိုင်မိန်၊ ပါတီအဖွဲ့ဝင် ဦးလှရဲထွတ်၊ စဝ်ယွမ်းပိုင်တို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုနေမျိုးဝေနှင့် ယနေ့ ဆွေးနွေးအပြီး ဝေဖန်သံထွက်လာသည်။
“ ဒုတိယ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီးတော့ မပါဖို့။ ပါမယ်ဆိုရင် အန္တရာယ်များတယ်။ ကျနော်တို့လဲ လက်မခံသေးဘူး။ လုံးဝ လက်မခံတာက မဟုတ်ဘူးနော်။ ဥပဒေအပြင်ဘက်ဆိုရင် ဖြစ်မှာ မဟုတ်ဘူးလေ”ဟု စဝ်ယွမ်းပိုင်က ပြောသည်။
သို့သော် ကျားဖြူပါတီ သဘောထားအဖြစ် သတ်မှတ်၍ မရသေးကြောင်းလည်း သူက ဆက်ပြောသည်။
ရွေးကောက်ပွဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် တစညပါတီများနောက် ၅၇ ဦးဖြင့် ကျားဖြူက တတိယ အများဆုံး နိုင်ထားသည်။
ကလေးမြို့ ကြေညာစာတမ်း အပိုဒ် ၂ အရ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုကြောင်း ပါသဖြင့် ဒုတိယညီလာခံ ခေါ်ယူရေးကိစ္စ ဖြစ်မြောက်နိုင်မည် မဟုတ်ကြောင်း ကိုနေမျိုးဝေက သုံးသပ်သည်။
“ဒီစာတမ်းက ပဋိပက္ခလမ်းကြောင်းဘဲ။ ပြုပြင်ပြောင်းလဲရေးမှာ ဒါမပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ ဦးဆောင်ပြီး လုပ်ခဲ့မယ်ဆိုရင် သူအပါအဝင် ပါဝင်တဲ့ ပုဂ္ဂိ္ဂုလ်တွေပါ ဖမ်းဆီးထိန်းသိမ်းခံရနိုင်တယ်။ အဲဒီလို ပဋိပက္ခဖြစ်ပြီးတော့ အကျိုးဆက်က တယောက် အဖမ်းခံရလျှင် တထောင်ပျောက်သွားတယ်။ မြန်မာ့နိုင်ငံရေး သေသွားနိုင်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့သဖြင့် ပြည်သူလူထု၏ နိုင်ငံရေး အခြေအနေ၊ တုံ့ပြန်မှုများကို မှန်ကန်စွာ သိနိုင်ရန် တာဝန်အရ နိုင်ငံရေးပါတီများကို လိုက်လံ နှိုးဆော်နေကြောင်း ကိုနေမျိုးဝေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၁ ရာစုအမြင်၊ တန်ဖိုးများနှင့် ကိုက်ညီသော ၂၁ ရာစု ပင်လုံညီလာခံဟု သတ်မှတ်ခေါ်ဆိုထားသည်။
တိုင်းရင်းသားလူမျိုးစုများ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် အာမခံသော ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကို ယခုလ ၂ဝ ရက်က ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ဒေါ်အောင်ဆန်းစုကြည်အား လွှဲပြောင်းပေးခဲ့သည်။
အောက်တိုဘာ ၂၄ ရက်က ဇိုမီးအမျိုးသားကွန်ဂရက် တည်ထောင်သည့် နှစ် ၂ဝ ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကျင်းပစဉ် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း”ကို ထုတ်ပြန်ကာ ပူကျင့်ရှင်းထန်၊ မွန်ခေါင်းဆောင် နိုင်ငွေသိန်း၊ ကရင်အမျိုးသား ကွန်ဂရက် စောဟာရီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်၊ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသာဘန်း၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စိုင်းရွှေကြူးနှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဒီမိုကရေစီ အဖွဲ့မှ ဦးထောင်ခိုထန်း အပါအဝင် စုစုပေါင်း ၁ဝ၉ ဦးခန့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသား ခေါင်းဆောင်များ တန်းတူညီမျှ တိုင်းရင်းသားအခွင့်အရေးများကို အာမခံသည့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာက ပင်လုံစာချုပ် ခေါ်တွင်ခဲ့သည်။