ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် တွေ့ဆုံခွင့်ရ

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် တွေ့ဆုံခွင့်ရ
by -
ဖနိဒါ

ဒေါ်အောင်ဆန်းစုကြည်က ၁ဝ နှစ်ကျော် ကွဲကွာခဲ့သော သားငယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ကို ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်၌ ယနေ့ နံနက် သွားရောက်ကြိုဆိုခဲ့ ...

ချင်းမိုင် (မဇ္စျိမ)။        ။ ဒေါ်အောင်ဆန်းစုကြည်က ၁ဝ နှစ်ကျော် ကွဲကွာခဲ့သော သားငယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ကို ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်၌ ယနေ့ နံနက် သွားရောက်ကြိုဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ကို မင်္ဂလာဒုံ လေဆိပ်၌ တွေ့ရစဉ်၃၃ နှစ်အရွယ် ကိုထိန်လင်းသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့ ယခုလ ၃ ရက်နေ့တွင် ပြည်ဝင်ခွင့် ဗီဇာ တောင်းဆိုခဲ့ပြီးနောက် ယမန်နေ့က မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရရှိခဲ့ခြင်း ဖြစ်သည်။

သားနှင့် တွေ့ဆုံခွင့်ရသည့်အပေါ် မည်သို့ ခံစားရပါသလဲဟု သတင်းထောက် တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က “ပျော်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ကိုထိန်လင်းက သူ၏ ဘယ်ဘက်လက်မောင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံပုံကို ဆေးမင်ကြောင် ထိုးထားကြောင်း မိခင်ကို ပြသရာ ဒေါ်အောင်ဆန်းစုကြည်က ပြံုး၍ ကြည့်ခဲ့သည်။

အာဏာပိုင်များက လေဆိပ်အထူးလုံခြံုရေး နေရာမှနေ၍ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းစေခဲ့သည်။ သူမကို အန်အယ်ဒီ လုံခြံုရေးလူငယ် ၂ဝ ခန့်က လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။
ကိုထိန်လင်းသည် မိခင်နှင့်အတူ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်၌ နေထိုင်သွားမည်ဖြစ်သည်။  ရွှေတိဂုံဘုရားသို့ သားအမိနှစ်ဦး ဘုရားဖူးသွားရန် စီစဉ်ထားသော်လည်း မည်သည့်နေ့တွင် သွားရောက်မည်ကို မသိရသေးကြောင်း အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသား မိုက်ကယ်လ် အဲရစ္စနှင့် ၁၉၇၂ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သား ၂ ဦး မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နာမကျန်းဖြစ်နေသော မိခင် ဒေါ်ခင်ကြည်ကို ပြုစုရန် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သို့ ပြန်လာခဲ့ရာ နိုင်ငံတဝှန်း လူထုအုံကြွမှုကြီးနှင့် ကြံုပြီး လူထုခေါင်းဆောင် ဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ် ကင်ဆာဝေဒနာ ခံစားနေရသော  ခင်ပွန်းသည် မစ္စတာ မိုက်ကယ်လ်အဲရစ်က မကွယ်လွန်မီ ဇနီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ပြည်ဝင်ခွင့် ဗီဇာတောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ငြင်းဆန်ခဲ့သည်။