ချင်းပါတီများ အနိုင်ရ

ချင်းပါတီများ အနိုင်ရ
by -
ဆလိုင်းထွန်း

ချင်းပြည်နယ် မြို့တော်ဟားခါး၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်များတွင် ချင်းပါတီများ ဖြစ်သည့် ချင်း အမျိုးသားပါတီ CNP နှင့် ချင်းတိုင်းရင်းသားပါတီ CPP တို့က အနိုင်ရနေ ...

နယူးဒေလီ (မဇ္ဈိမ)။      ။ ချင်းပြည်နယ် မြို့တော်ဟားခါး၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်များတွင် ချင်းပါတီများ ဖြစ်သည့် ချင်း အမျိုးသားပါတီ CNP နှင့် ချင်းတိုင်းရင်းသားပါတီ CPP တို့က အနိုင်ရနေသည်။

ဟားခါးမြိ့နယ်နှင့် ထန်တလန်မြို့နယ်တွင် ကြံ့ခိုင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ တစညနှင့် CNP ပါတီတို့ ယှဉ်ပြိုင်ရာ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) (၂) နှင့် အမျိုးသားလွှတ်တော်အတွက် အနိုင်ရနေကြောင်း ပါတီခေါင်းဆောင်များ အဆိုအရ သိရသည်။

“ဟားခါးမှာ မဲမရေတွက်သေးတာလည်း ရှိပေမယ့် နည်းနည်းလေးပါ။ မဲက အများကြီးကွာတယ်။ ၂ ထောင်ကျော်၊ ၃ ထောင်နီးပါးတွေနဲ့ မဲကွာဟတယ်။ ထန်တလန်မှာလည်း CNP ပဲ အကုန်နိုင်တယ်။ ကျနော်တို့ ဆက်သွယ်ရေး တအားခက်ခဲတော့ စာရင်း မသိရသေးဘူး” ဟု CNP ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးငွန်မောင်းက မဇ္ဈိမကို ပြောသည်။

ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဘွဲ့ဟူကလည်း “ဟားခါးမှာတော့ CNP နိုင်နေတယ်။ မဲစာရင်းကတော့ ၃ ရုံလောက် ကျန်သေးပေမယ့် CNP တော့ နိုင်နေပါတယ်။ မဲကတော့ ပြောရခက်ပေမယ့် ကျနော်တွက်စရတာတော့ ဒီမဲရုံလောက်က ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ကျန်တဲ့ဟာတွေက အရေအတွက် တအားနည်းတော့ CNP နိုင်မယ်ဆိုတာ သေချာပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဟားခါးတွင် မဲရုံပေါင်း ၇၂ ရုံရှိကာ မဲပေးနိုင်သူ ၂ သောင်းကျော် ရှိခဲ့သော်လည်း မဲပေးသူမှာ ၆ဝ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ကြောင်း ဦးငွန်မောင်းက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကြံ့ခိုင်ရေး၊ တစည၊ CPP ၊ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ UDP ၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွှတ်ရေးအဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီတို့ ယှဉ်ပြိုင်ကြရာတွင် CPP က လွှတ်တော်အားလုံးမှာ အနိုင်ရနေကြောင်း အမျိုးသားလွှတ်တော် အမတ်လောင်း ဦးဘူးလွင်က ပြောသည်။

သို့သော် ကော်မရှင်က တရားဝင် ကြေညာခြင်း မရှိသေးသဖြင့် တရားဝင် မဟုတ်သေးကြောင်း သူက ပြောသည်။

ထို့အပြင် ဖလမ်းမြို့နယ်တွင်လည်း ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့အတွက် မဲဆန္ဒနယ် ၅ ခုစလုံးတွင် ယှဉ်ပြိုင်ခဲ့ရာ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ တစည နှင့် CNP ကို CPP က အနိုင်ရရှိခဲ့သည်။