၁၀ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဧရာဝတီတိုင်း မြို့နယ်အချို့တွင် လယ်ယာများ ရေနစ်မြုပ်နေ.....
၁၀ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဧရာဝတီတိုင်း မြို့နယ်အချို့တွင် လယ်ယာများ ရေနစ်မြုပ်နေကြောင်း ဒေသခံများ အဆိုအရ သိရသည်။
ဧရာဝတီတိုင်း ဘိုကလေး၊ လပွတ္တာနှင့် ဖျာပုံမြို့နယ်များအတွင်း စိုက်ပျိုးထားသည့် စပါးနှင့် ကောက်ပဲသီးနှံ စိုက်ခင်း အများအပြား လိုအပ်သည်ထက် ရေနစ်မြုပ်နေကြောင်း သိရခြင်း ဖြစ်သည်။
“တောင်ဘက်မှာ ဧက ၂ သောင်းလောက် ရေများတယ်။ အကုန်မြုပ်သွားတာ မဟုတ်ဘူး။ ရှိသင့် ရှိထိုက်တာထက် ပိုများတာ။ ၂ ပေ လောက်ထိ ရေတက်တယ်။ စပါးတွေ အဖူးထွက်ရမယ့်အချိန်မှာ ရေတွေကြီးနေတယ်။ နောက် ၂ ပတ်လောက်ဆိုရင် ရိတ်ရတော့မယ်။ စပါးတွေ ပျက်သွားပြီလို့ ပြောလို့ မရသေးဘူး။ အပင်တန်းလန်း၊ ရေတန်းလန်း ဖြစ်နေတယ်။ တချို့အပင်တွေ မြုပ်တယ်၊ တချို့ အပင် တွေ အကုန်မမြုပ်ဘူး” ဟု ဘိုကလေးမြို့ရှိ အငြိမ်းစား ကျောင်းဆရာ ဦးလှမြင့်က ပြောသည်။
ယနေ့အထိ မိုးရွာနေပြီး ရက်ပိုင်းမျှ ဆက်လက်ရွာသွန်းပါက စပါးအထွက်နှုန်း ဆိုးရွားစွာ ကျဆင်းမည်ဟု သူက ဆိုသည်။
လပွတ္တာမြို့နယ်တွင်လည်း လွန်ခဲ့သည့် တပတ်ခန့်မှစ၍ မိုးရွာသွန်းနေသဖြင့် လယ်ယာသီးနှံများ ရေမြုပ်နေသည်။
“မိုးရွာပြီး ရေတက်လို့ တချို့စပါးတွေ ပျက်တယ်။ ရေတွေ မြုပ်နေတယ်။ ကမ်းနားဘက်က စပါးတွေ ပိုဆိုးတယ်။ လယ်တော်တော် များများ ပါတယ်။ အခုက စပါးတွေ ဝင်းမှည့်နေတယ်လို့ လယ်သမား ဈေးဝယ်သူတွေက ပြောတယ်” ဟု လပွတ္တာမြို့ရှိ ကုန်ခြောက်ဆိုင် ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။
အခြား လပွတ္တာမြို့ခံ တဦးကလည်း “ပြီးခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းဖြစ်တော့ မိုးကြီးနေတာ။ အောက်ရေလည်း တက်တယ်။ လယ် သမားတွေ စပါးရေမြုပ်နေတယ်လို့ ပြောနေကြတယ်။ ဒီနှစ်တော့ စပါးရိတ်စရာရှိမှာ မဟုတ်ဘူးလို့ ပြောနေကြတယ်။ အိမ်တွေလည်း ရေတက်လို့ ညဘက်ဆို စောင့်နေရတော့ မအိပ်ရဘူး” ဟု ဆိုသည်။ ထို့ပြင် ဖျာပုံမြို့နယ်တွင် မိုးကြီးရေကြီးသဖြင့် စပါး အပါအဝင် စိုက်ပျိုးသီးနှံများ ရေမြုပ်နေကြောင်း သိရသည်။
ဒေသအာဏာပိုင်များအနေဖြင့် တစုံတရာ ဝင်ရောက်ကူညီနိုင်ခြင်း မရှိဘဲ၊ တောင်သူများလည်း ရပ်ကြည့်နေရုံသာ တတ်နိုင်ကြသည်ဟု ဦးလှမြင့်က ဆိုသည်။
“လယ်သမားတွေ ဘာလုပ်နိုင်မှာလဲ ဒီအတိုင်း ရပ်ကြည့်နေရတာပေါ့။ အာဏာပိုင်တွေဘက်ကလည်း တစုံတရာ ဘာလုပ်နိုင်မှာလဲ။ မိုးရွာလို့ ရေကြီးတာ ဘာမှလုပ်လို့ မရဘူး။ အောက်ရေတက်တယ်။ အပေါ်မိုးရွာတာ အာဏာပိုင်ဘက်က ဘာမှ လုပ်လို့ မရဘူး။ ဒါပေမဲ့ လယ်သမားပိုင်းကတော့ မိုးတိတ်တဲ့အချိန် ရှိနေတဲ့ ရေတွေကို ဖောက်ထုတ်ချရတာပေါ့” ဟု သူက ပြောသည်။
ဧရာဝတီတိုင်း မြို့နယ်အချို့တွင် လွန်ခဲ့သည့် ၁ဝ ရက်ခန့်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှု စတင်ခဲ့သော်လည်း ယခုလ ၈ ရက် နေ့တွင် ဘင်္ဂလားဒေ့ခ်ျကမ်းခြေကို တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တွင် မိုးကြီးလေကြီး ကျရောက်ခဲ့ သေးသည်။
ယနေ့ထုတ် မြန်မာ့အလင်းသတင်းစားတွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ကြေညာထားသည်။