ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် များသည် လွန်ခဲ့သည့် ရက်ပေါင်း ၅ဝ အတွင်း နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၂ဝဝ ကျော်သို့ သွားရောက်ကာ အောက်ခြေပါတီထုနှင့် တွေ့ဆုံမှုများ ပြုလုပ်...
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် များသည် လွန်ခဲ့သည့် ရက်ပေါင်း ၅ဝ အတွင်း နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၂ဝဝ ကျော်သို့ သွားရောက်ကာ အောက်ခြေပါတီထုနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဒေါ်မေဝင်းမြင့်နှင့် ဦးဟန်သာမြင့် အပါအဝင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက ဦးဆောင်သော အုပ်စုများသည် တိုင်းနှင့်ပြည်နယ် မြို့နယ်များရှိ ပါတီအောက်ခြေထုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တယောက်ထဲကိုပဲ တိုင်း ၃ တိုင်းက မြို့နယ်ပေါင်း ၆ဝ ကျော်နဲ့ ပြီးသွားပြီ။ ကျန်တဲ့အဖွဲ့တွေလည်း အများကြီးပဲ။ အခု ရခိုင်ပြည်နယ်ဆို ဂွနဲ့ သံတွဲက ပထမဆုံး မြို့နယ်တွေ ဖြစ်တယ်။ အခု ရခိုင်ပြည်နယ် သံတွဲွကို ရောက်နေတယ်။ ဒါတင်မကသေးဘူး။ နိုင်ငံရေးအရ လှုပ်ရှားတက်ကြွလာမယ့် အချိန်ရောက်လာရင် နောက်တကျော့ ထပ်ပြီး အောက်ခြေပါတီဝင်ထုဆီ ထပ်တွေ့ဆုံဖို့ ရှိတယ်” ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
ဦးဝင်းတင်သည် ကရင်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့၊ ဦးအုန်းကြိုင်သည် မန္တလေးနှင့် မကွေးတိုင်း၊ ဒေါ်မေဝင်းမြင့်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဦးဟန်သာမြင့်မှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့ မှာကြားလိုက်သည့် စကားများကို လိုက်လံပြောဆိုရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံရေးရည်ရွယ်ချက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းနှင့် အဖွဲ့ချုပ်ယုံကြည်ချက်နှင့် နှလုံးသား တူသူများအနေဖြင့် ယင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားစေလိုကြောင်း ခရီးစဉ်များအတွင်း ပြောဆိုစည်းရုံးခဲ့ကြသည်။
ဦးအုန်းကြိုင်နှင့်အတူ ဗဟန်းမြို့နယ် ဥက္ကဋ္ဌ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)၊ လူငယ် (ဗဟို) အဖွဲ့ဝင် ကိုဘမောင်၊ ရန်ကုန်တိုင်း လူငယ်ခေါင်းဆောင် ကိုအေးမင်းစိုး၊ ရခိုင်ပြည်နယ် စည်ရုံးရေးကော်မတီဝင် ဦးစိုးလေးနှင့် ဦးတင်သိန်းအောင်တို့သည် ရခိုင်ပြည်နယ် ဂွမြို့မှ ယနေ့နံနက်တွင် ထွက်ခွာလာပြီး ညနေပိုင်းတွင် သံတွဲမြို့နယ် စည်းရုံးကော်မတီ ဦးထွန်းကြိုင်၏ နေအိမ်တွင် ရောက်ရှိလာကြပြီ ဖြစ်သည်။
၎င်းတို့၏ ရှင်းလင်းပြောဆိုချက်များအပေါ် ပါတီဝင်ထုက အားတက်သရော ထောက်ခံခဲ့ကြကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။
ထို့ပြင် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ကိုခိုင်ပြည်စိုးကို ၂ဝဝ၈ ဥပဒေ နှိုင်းယှဉ်ချက် စာအုပ်နှင့် ကိုလိုနီကျွန်သဘောက် ၂၂၆ နှစ်ကြာပြီးသောအခါ အမည်ရှိ စာရွက်စာတမ်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ ရဲများက ယခုလ ၁ ရက်နေ့ ညနေ ၄ နာရီမှာ ည ၁ဝ နာရီအထိ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
“အဲဒီစာရွက်တွေက ကျနော့်ဆီကရတဲ့ စာရွက်တွေဆိုပြီးတော့ မေးမြန်းစစ်ဆေးတယ်။ ဒါတွေက ကျနော့်ဆီက မဟုတ်ဘူးလို့ ပြောပြတယ်။ ည ၁ဝ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ဟာတော့ ထူးထူးထွေထွေ မစစ်ပါဘူး။ အေးအေးဆေးဆေး စစ်တာပါ” ဟု ကိုခိုင်ပြည်စိုးက မဇ္စျိမကို ပြောသည်။
ကိုခိုင်ပြည်စိုးသည် လက်နက်ကိုင် ရခိုင်ကွန်မြူနစ်ပါတီတွင် ဝင်ရောက်ခဲ့ဖူးကာ ၁၉၈၆ ခုနှစ်တွင် မင်းပြားမြို့ကို တိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။
သူ့ကို အာဏာပိုင်များက သေဒဏ်ချမှတ်ခဲ့သော်လည်း စစ်အစိုးရ ထုတ်ပြန်သည့် ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့် အမှတ် ၄/၈၉ အရ တသက်တကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ခဲ့ပြီးနောက် ၂ဝဝ၈ ခုနှစ်တွင် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။