၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ်ဘဲ ရန်ကုန်ရှိ နိုင်ငံရေးပါတီများကိုမူ တပါတီလျှင် ရ ဦး နှုန်း စစ်အစိုးရက ဖိတ်ကြားထားသည်။
ရွေးကောက်ပွဲကော်မရှင်က ရန်ကုန်တိုင်းရှိ မှတ်ပုံတင်ခွင့် ကျပြီးသော နိုင်ငံရေးပါတီများကို ယမန်နေ့ နေ့လည်ပိုင်းက အစည်းအဝေးခေါ်ယူကာ တပါတီလျှင် ရ ဦးကျ ဖိတ်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းနှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအုန်းကြိုင်တို့က သူမကိုမူ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိကြောင်း မဇ္စျိမကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့ အခမ်းအနားတက်ဖို့ ဖိတ်တယ်လို့ ကျနော်တို့ မကြားမိဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်တွင် တကြိမ်၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ၆ ကြိမ်နှင့် ၂၀၀၂ ခုနှစ်တွင် တကြိမ်ဖြင့် စုစုပေါင်း ၈ ကြိမ်သာ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ကာ ဂါရဝပြုခဲ့ဖူးသည်။ နေအိမ်အကျယ်ချုပ် ချထားမှုကြောင့် ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် ထိုအခွင့်အရေး မရတော့သည်မှာ ၅၆ နှစ်မြောက်မှ ယခုနှစ် ၆၃ နှစ်မြောက်အထိ စုစုပေါင်း ၈ ကြိမ်ရှိသွားပြီ ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ညွန်ကြားစာမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် ပြစ်ဒဏ်တဝက် လျှော့ချပေးတယ်လို့ ပါပါတယ်။ အခုလည်း သူ့ဖခင် ကျဆုံးတဲ့နေ့မှာ သမီးတယောက်အနေနဲ့ ဖခင်ကို ဂါရဝပြုခွင့် ပေးသင့်ပါတယ်။ ပြစ်ဒဏ်ကျခံနေလို့ ကိုယ့်အဖေကို ဂါရဝ ပြုခွင့် မရဘူးဆိုတာက တရားမျှတမှု မရှိပါဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။
“ရန်ကုန်မှာရှိသမျှ ပါတီတွေအကုန်လုံးကို တိုင်းကော်မရှင်က ရုံးကိုခေါ်ပြီးတော့ အစည်းအဝေး လုပ်ပါတယ်။ ပါတီတခုကို ရ ယောက် အခမ်းအနား တက်လို့ရတယ် ပြောပါတယ်။ ကျနော်တို့ပါတီက အခမ်းအနား တက်မှာပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ကိုနေမျိုးဝေက မဇ္စျိမကို ပြောသည်။
ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ခွင့် ရရှိပြီးဖြစ်သည့် ပါတီပေါင်း ၂၀ ထက်မနည်း ရှိနေပြီး ယင်းပါတီများသည် အခမ်းအနား တက်ရောက်မည့် လူစာရင်းကို မှတ်ပုံတင်များဖြင့် ယခုလ ၁၆ ရက်နေ့ နောက်ဆုံးထား၍ တိုင်းကော်မရှင်သို့ တင်ပြရမည်။
ထို့ပြင် ကော်မရှင်က ပါတီများအနေဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေ ချခွင့်ပြုသော်လည်း ပန်းခြင်း၊ ပန်းခွေများကို အာဇာနည်နေ့ မရောက်မီ တရက်အလိုတွင် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် စစ်ဆေးခံရန် ပေးပို့ရမည်ဖြစ်ပြီး စစ်ဆေးပြီးမှသာ ခွင့်ပြု ပေးသွားမည်ဖြစ်သည်။
ပါတီများတွင် ကိုယ်ပိုင်ဝတ်စုံများ သတ်မှတ်ပြီးဖြစ်ပါက အခမ်းအနားတွင် ၀တ်ဆင်ရန် ကော်မရှင်က ခွင့်ပြုထားသည်။
ရန်ကုန်တိုင်းရှိ နိုင်ငံရေးပါတီအများစုမှာ ယခုလ ၁၉ ရက်နေ့တွင် အာဇာနည်ဗိမာန်၌ ပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ကြမည်ဟု သိရသည်။
ယခင်က အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော် ကောင်စီဝင် စစ်ဗိုလ်ချုပ်ကြီးများ တက်ရောက်၍ ဂါရဝပြုလေ့ ရှိသော်လည်း ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသာ တက်ရောက်ခဲ့သည်။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ရုံးချုပ်တည်ရှိသည် ချင်းအမျိုးသားပါတီကမူ ချင်းပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်သွားမည်ဖြစ်သဖြင့် အခမ်းအနား မတက်ရောက်နိုင်ကြောင်း သိရသည်။
“ချင်းပြည်နယ် စည်းရုံးရေးခရီးစဉ်က မနက်ဖြန် စပါမယ်။ ဒါကြောင့် ကျနော်တို့ပါတီက အခမ်းအနား တက်ဖြစ်မှာ မဟုတ်ပါဘူး” ဟု ပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက် ၁၉၉၀ ခုနှစ်တွင် နိုင်ငံရေး ပါတီများကို အာဇာနည်နေ့အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခဲ့သည့်နောက်ပိုင်း နှစ်ပေါင်း ၂၀ အကြာတွင် နအဖ စစ်အစိုးရက ပါတီများကို ပြန်လည်ဖိတ်ကြားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကမူ ယခုနှစ် အာဇာနည်နေ့ အခမ်းအနားကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇာတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးစသည့် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးတို့သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် အစည်းအဝေး ပြုလုပ်နေစဉ် ဂဠုန်ဦးစော၏ တပည့်များက လုပ်ကြံသဖြင့် ကျဆုံးခဲ့ရသည်။