သမိုင်းတလျှောက် စံချိန်တင် မြင့်တက်ခဲ့သော မြန်မာ့ရွှေစျေးသည် ကမ္ဘာ့ရွှေစျေးနှုန်း ကျဆင်းခြင်းနှင့် နယ်ရွှေများ ရန်ကုန်စျေးကွက်အတွင်း ဝင်ရောက်မှုကြောင့် လွန်ခဲ့သည့် ၁ဝ ရက်အတွင်း ကျပ် ၁ သောင်း ၄ ထောင်ခန့် ကျဆင်းခဲ့သည်။
ယခုလ ပထမပတ်အတွင်းက စံချိန်တင်အဖြစ် ရွှေ ၁ ကျပ်သားလျှင် အမြင့်ဆုံးစျေးနှုန်း ၆ သိန်း ၆ သောင်း ၂ ထောင်သို့ ရောက်ရှိခဲ့ပြီးနောက် ၁ဝ ရက်အတွင်း ၆ သိန်း ၄ သောင်း ၈ ထောင်စျေးနှုန်းသို့ ကျဆင်းသွားခြင်း ဖြစ်သည်။
“ကမ္ဘာ့ရွှေစျေး ပြန်ကျလာတယ်၊ နောက်ပြီး နယ်ရွှေတွေ ပြန်ဝင်လာတယ်။ မော်လမြိုင်နဲ့ မန္တလေးက ရွှေတွေပါ။ မော်လမြိုင်က ဝင်တာ ပိုများတယ်။ ဒါကြောင့် စျေးကျတာပါ” ဟု မြန်မာနိုင်ငံ၏ ရွှေစျေးကွက် တည်ရှိရာ ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းမှ ရွှေကုန်သည်တဦးက မဇ္စျိမကို ပြောသည်။
ယနေ့ ကမ္ဘာ့ရွှေစျေးနှုန်းမှာ တအောင်စလျှင် ကန်ဒေါ်လာ ၁၂၁၃ ပေါက်စျေးရှိသည်။
မော်လမြိုင်မြို့တွင် ရွှေတကျပ်သားလျှင် ၆ သိန်း ၄ သောင်း ၅ ထောင်ကျပ် ပေါက်စျေးရှိပြီး မန္တလေးမြို့တွင် ၆ သိန်း ၄ သောင်း ရ ထောင်ကျပ် ပေါက်စျေး ရှိသည်။
နယ်မြို့များ၏ ရွှေစျေးနှုန်းသည် ရန်ကုန်စျေးးထက် မြင့်မားလေ့ရှိခဲ့ရာမှ ယခုအခါ နယ်စျေးနှုန်းသည် ရန်ကုန်စျေးးထက် နိမ့်ကျနေသဖြင့် မော်လမြိုင်နှင့် မန္တလေးမြို့မှ ရွှေများက ရန်ကုန်စျေးကွက်သို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။
ရန်ကုန်စျေးနှုန်းနှင့် နယ်စျေးနှုန်း ကွာခြားရသည့် အကြောင်းရင်းနှင့် ရွှေစျေးနှုန်း ဆက်လက် ကျဆင်းနိုင်ဖွယ် ရှိမရှိ မခန့်မှန်းနိုင်ကြောင်း ၂၉ လမ်းမှ ရွှေကုန်သည်က ပြောသည်။်
ဝင်ရောက်လာသည့် နယ်ရွှေများကို ရန်ကုန်ရှိ ရွှေကုန်သည်များက ပြန်လည် ဝယ်ယူနေသည့်အတွက် ယခုအပတ်အတွင်း အရောင်းအဝယ် ဖြစ်ကြောင်း ရွှေဘုံသာလမ်းမှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။
“ဒီရက်ပိုင်းတော့ အလုပ်ဖြစ်တယ်။ အဝယ်ရော၊ အရောင်းရောပေါ့။ ၁ဝ သား အတုံးလိုက်တွေ အရောင်းအဝယ်ဖြစ်တာ များတယ်။ အဓိကက ရန်ကုန်စျေးကွက်ကလူတွေပါ။ နယ်ဝယ်လက်တော့ နည်းပါတယ်” ဟု သူက ပြောသည်။
ရန်ကုန်စျေးကွက်တွင် ရွှေအရောင်းသွက်နေသော်လည်း မော်လမြိုင်နှင့် မန္တလေးမြို့များတွင် အရောင်းထိုင်းနေကြောင်း အဆိုပါမြို့များရှိ ရွှေဆိုင်များက ပြောသည်။
“မိုးရာသီလည်း ဖြစ်တာရယ်၊ နောက် ရွှေစျေးကလည်း မြောက်နေတော့ ရောင်းမကောင်းဘူး” ဟု မော်လမြိုင်မြို့ မြိုင်ရတနာ လေးထပ်စျေးမှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။
ရွှေစျေးကျချိန်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လေ့ရှိသည့်အတိုင်း ငွေလဲနှုန်းသည် ယခင်လက ၉၈၂ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် ၉၉၁ ကျပ်သို့ အနည်းငယ် မြင့်တက်လာခဲ့သည်။
ယနေ့ လဲလှယ်နှုန်းမှာ ကန်တဒေါ်လာလျှင် ရောင်းချစျေးနှုန်း ၉၉၁ ကျပ်ဖြစ်ပြီး ဝယ်ယူစျေးနှုန်းမှာ ၉၈၅ ကျပ် ဖြစ်သည်။
FEC စျေးနှုန်းမှာ ယခင်လက ၉၅ဝ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၉၃၅ ကျပ်သို့ ကျဆင်းခဲ့သည်။ ယနေ့ FEC လဲလှယ်နှုန်းမှာ ရောင်းချစျေးနှုန်း ၉၃၅ ကျပ်နှင့် ဝယ်ယူစျေးနှုန်း ၉၃ဝ ကျပ် ဖြစ်သည်။
မြန်မာနိုင်ငံ ရွှေစျေးကွက်သည် ရန်ကုန်မြို့ ၂၉ လမ်းတွင်အဓိက တည်ရှိပြီး တနေ့တာ ရောင်းဝယ် ဖောက်ကားကြမည့် အခေါက်ရွှေစျေးနှုန်းကို ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ သတ်မှတ်ပေးခြင်း ဖြစ်သည်။
ရွှေလုပ်ငန်းရှင်များ အသင်းကို ၂ဝဝ၂ ခုနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ရွှေဆိုင်ပိုင်ရှင်များသည် အသင်းရုံးသို့ သွားရန် မလိုသော်လည်း အသင်းက သတ်မှတ်ပေးသည့် စျေးနှုန်းအတိုင်းသာ ရောင်းချရသည်။