ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ဆက်စပ်လျှက်ရှိသဖြင့် သူဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ကို ပါတီထောင်ခွင့် ပြုမည်မဟုတ်ကြောင်း အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ကချင်ခေါင်းဆောင်များကို ယမန်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။
အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်နှင့် အဖွဲ့သည် ကချင်အတိုင်ပင်ခံ အဖွဲ့နှင့် မြစ်ကြီးနားတွင် တွေ့ဆုံ ပြောကြား ရာတွင် ဒေါက်တာတူးဂျာသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၂ ပုဒ်မ ၄ (စ) မှ ပြဌာန်းထားချက်များနှင့် ငြိစွန်းနေသဖြင့် ပါတီထောင်ခွင့် မပေးခြင်း ဖြစ်သည်ဟု ပြောကြားသွားကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကချင် ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။
ဥိီးအောင်သောင်းက စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ရယူထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို သောင်းကျန်းသူ အဖွဲ့ဟု ပြောဆို လိုက်ခြင်းမှာ ထင်ရှားနေသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၂ ပုဒ်မ ၄ (စ) ၌ “နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်ကျန်းသူ အဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေ တရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲအစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင်” မဟုတ်သူများသာ ပါတီထောင်ခွင့် ရှိသည်ဟု ပါရှိသည်။
“ဒေါက်တာတူးဂျာက KIO ဗဟိုကော်မတီဝင် ဒုဥက္ကဌကို နှစ်ပေါင်း ၃၀ ကျော် လုပ်ခဲ့တဲ့လူက ထွက်တယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူး။ ဥပဒေနဲ့ ငြိစွန်းနေတယ်။ တကယ်လို့ သူ့ကို ပေးလိုက်ရင် ကျန်တဲ့လူတွေလည်း အကုန်တောင်းဆိုလာရင် ပေးရမယ်” ဟု ဦးအောင်သောင်းက ပြောကြားသွားခဲ့သည်ဟု အမည်မဖော်လိုသူ ကချင်ခေါင်းဆောင်က ပြန်ပြောသည်။
သို့သော်လည်း ဒေါက်တာ တူးဂျာအနေဖြင့် KSPP လက်ရှိ ဥက္ကဌနေရာအစား နာယကအဖြစ် ပြောင်းလဲ တာဝန်ယူလျှင်မူ ပါတီထောင်ခွင့် ပြုမည် ဟုလည်း ပြောကြောင်းသိရသည်။
သဘောထား တင်းမာသူဟု ကျော်ကြားသော ဦးအောင်သောင်းသည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်စိတ်ချသော သူတဦးအဖြစ်လည်း ထင်ရှားသည်။
ဝန်ကြီးနှစ်ဦးသည် ကချင်အတိုင်ပင်ခံအဖွဲ့ ဥက္ကဌ မြစ်ကြီးနား ဆရာအတတ်သင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခေါန်လွမ်း၊ အတွင်းရေးမှူး ဘာသာရေး ခေါင်းဆောင် ဦးဆင်ဝါးတို့ အပါအဝင် ဗဟိုကော်မတီဝင် စုစုပေါင်း ရ ဦးနှင့် မြစ်ကြီးနားမြို့ရှိ ကြံ့ဖွံ့ရုံးတွင် ယမန်နေ့ ၁ဝ နာရီ မှစ၍ နာရီဝက်ခန့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ကချင်အတိုင်ပင်ခံအဖွဲ့ကို ၂ဝဝ၂ ခုနှစ် အောက်တိုဘလတွင် စတင်တည်ထောင်ခဲ့ပြီး ကချင်လူမျိုးများအကြား ပြဿနာများကို ညှိနှိုင်းဆွေးနွေးရေး အတွက် ရည်ရွယ်သည်။ အင်အားအများဆုံး ကချင်အဖွဲ့ဖြစ်သည့် KIO အဖွဲ့ဝင်များ၊ ကချင်စီးပွားရေး လုပ်ငန်းရှင်များနှင့် ကချင်ခရစ်ယာန်ဂိုဏ်း ပေါင်းစုံ တို့မှပါဝင်ပြီး ယခုအချိန်တွင် အဖွဲ့ဝင် ၃ဝ ဦးခန့် ရှိသည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။
သွားဆရာဝန် ဒေါက်တာတူးဂျာ အပါအဝင် KIO ထိပ်ပိုင်း ခေါင်းဆောင် ၆ ဦးတို့သည် ယခင်နှစ် စက်တင်ဘာလ ၂ ရက်နေ့က KIO မှ နှုတ်ထွက် ကြောင်း ကြေညာခဲ့သည်။ ထို့နောက် လအနည်း ငယ်အကြာတွင် ယခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ရန် KSPP ကို ဒေါက်တာတူးဂျာက ဥက္ကဌအဖြစ် တာဝန်ယူ တည်ထောင်ခဲ့သည်။
ဧပြီ ၅ ရက်နေ့ကတည်းက KSPP ကို နို်င်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြုရန် ရွေးကောက်ပွဲကော် မရှင်၌ လျှောက်ထားခဲ့သော်လည်း ကော်မရှင် က ယခုအချိန်အထိ ခွင့်ပြု၊ မပြုကို ထုတ်ပြန်ခြင်း မရှိသေးပါ။
ဒေါက်တာတူးဂျာကို မဇ္ဈိမက ဆက်သွယ်သော်လည်း နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံုးသို့ သွားနေသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။
KIO အရာရှိတဦးကမူ ဝန်ကြီး၏ပြောကြားချက်အပေါ် စစ်အစိုးရအနေဖြင့် “ပြောချင်သလို ပြောနေတာပဲ” ဟု တုံ့ပြန်လိုက်သည်။
စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့်အတူ ကချင်အတိုင်ပင်ခံအဖွဲ့နှင့် မတွေ့ဆုံမီ KIO ကိုယ်စားလှယ်များနှင့် လက်နက်ကိုင်တပ်များ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်ဟု KIO သတင်းရပ်ကွက်တခုက ပြောသည်။
အဆိုပါ သတင်းရပ်ကွက်က ဆွေးနွေးမှု အသေးစိတ်ကိုပြောပြရန် ငြင်းဆိုပြီး စစ်အစိုးရဘက်က ယခုနှစ် ရွေးကောက်ပွဲအမှီပြောင်းရန် ပြောဆို သည်ကို KIO ဘက်က “ကိုယ့်နည်း ကိုယ့်ဟန်” ဖြင့် အသွင်ပြောင်းရန် ဆောင်ရွက်နေကြောင်းသာ ပြန်တုန့်ပြန်ခဲ့သည်ဟု သိရသည်။
KIO က အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ကချင်လူထုထံမှ သဘောများကို ကောက်ယူနေဆဲဖြစ်ပြီး ယခုနှစ် သြဂုတ်လအတွင်း တရားဝင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်ဟု KIO အဆင့်မြင့်အရာရှိ တဦးက ပြောသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး ဒေါက်တာ တူးဂျာ ကိုယ်တိုင်ပင် ၁၄ နှစ်ကြာ အခြေခံ ဥပဒေ မူကြမ်းရေးဆွဲရာတွင် ကချင်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် တက်ရောက်ခဲ့သည်။